ဒီဇင်ဘာ-၅၊၂၀၂၅။People’s Spring
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသတစ်ခုလုံးကို အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ်အရယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။
စစ်ပွဲရပ်ဆိုင်းရေး ဆွေးနွေးမှုတွေမှာ ဒွန်းဘက်စ်ကို သိမ်းယူရေးနဲ့ ပတ်သက်တဲ့ ဘယ်လို ညှိနှိုင်းမှုကိုမှလက်ခံမှာမဟုတ်ကြောင်းပူတင်ကဒီဇင်ဘာ
၄ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ဒွန်းဘက်စ်ဟာ ယူကရိန်း အရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ဒွန်းညက်စ်ခ်နဲ့လူဟန့်စ်ခ်တို့ပါဝင်ဖွဲ့စည်းထားတဲ့ဒေသပါ။

Public Service Announcement
အဲဒီနယ်မြေတွေ လွတ်မြောက်ရေးအတွက် ရုရှားက အင်အားသုံးမှာဖြစ်ကြောင်း၊ မဟုတ်ရင်တော့ ယူကရိန်းတပ်တွေက အလိုက်တသိ ဆုတ်ခွာပေးသွားဖို့လိုကြောင်းပူတင်ကဆိုပါတယ်။လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ဒွန်းဘက်စ်ဒေသ တစ်ခုလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။
အမေရိကန်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ ရုရှားနဲ့ ယူကရိန်းကြားကစစ်ပွဲကိုရပ်စဲစေဖို့ကြားဝင်စေ့စပ်ပေးနေပေမယ့်တိုးတက်မှုတွေရရှိဖို့ရုန်းကန်နေရပါတယ်။ရုရှားကယူကရိန်း နယ်မြေတွေကိုတောင်းဆိုနေပေမယ့် ယူကရိန်းကတော့ စစ်ရပ်စဲစေဖို့အတွက် နယ်မြေတွေ စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အချက်ကို ငြင်းဆန်နေပါတယ်။
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို ရောက်ရှိနေချိန် အတောအတွင်း India Daily သတင်းစာဆီ ပြောကြားခဲ့တဲ့ စကားအရတော့ ပူတင်ဟာ ဒွန်းဘက်စ်ကို မရသ၍ စစ်ကို ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုတဲ့ သဘောပါပဲ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် ဦးဆောင်တဲ့ ညှိနှိုင်းရေး အဖွဲ့ဟာ အခုသီတင်းပတ်ထဲမှာ မော်စကိုမြို့ဆီ သွားရောက်ပြီး ရုရှားအစိုးရ အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် စစ်ရပ်စဲရေးအတွက် တိုးတက်မှုမျိုး ယူဆောင်မလာနိုင်ခဲ့ပါဘူး။ ဝစ်ကော့ဖ်ဟာ ဖလော်ရီဒါ ပြည်နယ်မှာ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ကိုတွေ့ဆုံဖို့စီစဉ်ထားပါတယ်။
ယူကရိန်းက ရုရှားဟာ အမေရိကန် ကြားဝင် ညှိနှိုင်းပေးနေတဲ့ အပစ်ရပ် သဘောတူညီမှု ဆွေးနွေးပွဲတွေ ပျက်ပြယ်အောင် အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆစ်ဘ်ဟီယာက ပူတင်ဟာ တစ်ကမ္ဘာလုံးရဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်နေတယ်လို့ ပြောပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း စစ်ရပ်စဲရေးအတွက် တကယ့်ကို မှန်ကန်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခု ရှိလာပြီလို့တစ်ကမ္ဘာလုံးက ယုံကြည်လာချိန်မှာ ရုရှားရဲ့ အမျိုးမျိုး အဖုံဖုံ ဖိအားပေးမှုတွေကြောင့်ညှိနှိုင်းမှုတွေဟာ တိုးတက်ရမယ့်အစား အကြိမ်ကြိမ် နောက်ပြန်ဆုတ်ကုန်တယ်လို့ ဝေဖန်သွားပါတယ်။
ကိုးကား-BBC


















































