အစ္စရေးက လက်နက်တပ်ဆင်ပေးထားပြီး ဟားမားစ် ဆန့်ကျင်ရေး အင်အားစုအဖြစ် ရပ်တည်နေတဲ့ ပါလက်စတိုင်း အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင် သေဆုံးသွားကြောင်း သိရပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပေါ်ပြူလာတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ယာဆာ အဘူ ရှာဘက်ဘ် သေဆုံးသွားတဲ့ အကြောင်းကို သူ့ရဲ့တပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပေါ်ပြူလာ တပ်ဖွဲ့ဟာ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ရာဖာဟ်မြို့ရဲ့ အစိတ်အပိုင်းတချို့ကို ထိန်းချုပ်ထားပါတယ်။
အသက် ၃၁ နှစ်အရွယ် အဘူ ရှာဘက်ဘ် သေဆုံးမှုဟာ စစ်ပွဲပြီးဆုံးသွားတဲ့ အချိန်ကျရင် ဂါဇာမှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့ အစ္စရေးရဲ့ အစီအမံတွေကို ထိခိုက်စေဖွယ် ရှိပါတယ်။
ပေါ်ပြူလာတပ်ဖွဲ့ရဲ့ ကြေညာချက်မှာတော့ အဘူ ရှာဘက်ဘ်ဟာ ရာဖာဟ်မှာရှိတဲ့ မြို့လယ်ရင်ပြင်မှာ မိသားစုတစ်ခုကြား အချင်းများမှုကို ဝင်ဖျန်ဖြေပေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်မထားပါဘူး။

Public Service Announcement
အစ္စရေးစစ်ဘက် သတင်းရင်းမြစ်ကလည်း အဘူ ရှာဘက်ဘ်ရဲ့ သေဆုံးမှုဟာ အိမ်တွင်းရေး ကိစ္စတစ်ခုနဲ့ ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။ အစ္စရေး စစ်သားတွေဟာ အဘူ ရှာဘက်ဘ်ကို ရာဖာဟ်ကနေပြီး အစ္စရေးတောင်ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ခုဆီ ရွှေ့ပြောင်းပေးဖို့ အပူတပြင်း အားထုတ်ခဲ့ပေမယ့်လည်း အသက်မမီခဲ့ဘူးလို့ သိရပါတယ်။
ဂါဇာမှာ အစ္စရေးက ထောက်ခံပြီး လက်နက်တပ်ဆင်ပေးထားတဲ့ ဟားမားစ် ဆန့်ကျင်ရေး အင်အားစုတချို့ ရှိတဲ့ထဲမှာ အဘူ ရှာဘက်ဘ်ဟာ အထင်ရှားဆုံး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ တပ်တွေဟာ အင်အား အရမ်းမများပေမယ့် စစ်ဆင်ရေးအရ ထိရောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ဂါဇာတောင်ပိုင်းမှာ ဟားမားစ်ကင်းစင်တဲ့ နယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
သတင်းတွေအရ အစ္စရေး အစိုးရဟာ ဂါဇာပြန်လည်ထူထောင်ရေး ကဏ္ဍမှာ အဘူ ရှာဘက်ဘ်ရဲ့ ပေါ်ပြူလာတပ်ဖွဲ့ကို အသုံးချဖို့ အစီအစဉ်တွေ ရေးဆွဲထားကြောင်းလည်း သိရပါတယ်။ အခုတော့ သူ့ရဲ့ ရုတ်တရက် ကွယ်လွန်မှုဟာ အစ္စရေးရဲ့ အကြံအစည်တွေကိုပါ ရှုပ်ထွေးသွားစေမယ့် သဘောပါ။
အဘူ ရှာဘက်ဘ်နဲ့ သူ့အဖွဲ့ဟာ ဂါဇာတောင်ပိုင်း၊ ကာရမ် ရှာလွမ် နယ်စပ်ဂိတ်ကနေ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းတွေ ဝင်ရောက်မှုကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။
အဘူ ရှာဘက်ဘ်ကို သစ္စာဖောက် တစ်ဦးအဖြစ် ရှုတ်ချထားတဲ့ ဟားမားစ်ကတော့ သူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆက်နွှယ်မှု တစ်ခုခု ရှိသလား ဆိုတာကို ထုတ်မပြောပါဘူး။ ဒါပေမဲ့ အဘူ ရှာဘက်ဘ်ဟာ ကိုယ့်မြေ၊ ကိုယ့်ပြည်သူရဲ့ မျက်နှာကို မထောက်ဘဲ ကျူးကျော်ရေး အင်အားစုတွေရဲ့ နယ်ရုပ်အဖြစ် အသုံးချ ခံခဲ့တဲ့ သစ္စာဖောက်တို့ရဲ့ သွားရာလမ်းအတိုင်း ကြမ္မာငင်သွားတာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။
ပေါ်ပြူလာတပ်ဖွဲ့ကတော့ အဘူ ရှာဘက်ဘ်ဟာ ဟားမားစ်ရဲ့ လုပ်ကြံခြင်း ခံခဲ့ရတာ လုံးဝမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။
ကိုးကား: Guardian


















































