Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနယ်ကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ ပြင်နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ -၅၊၂၀၂၅၊ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ရောက်လေ့ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ပုံမှန်အင်အားထက် အခုလဆန်းပိုင်းကစပြီး အင်အားအများအပြား ရောက်နေတယ်လို့ ဆိုပါတယ်။

“ချောင်ဦးခွင်ထဲမှာ သုံးတဲ့ပုံမှန်အင်အားထက် အဆမတန် သုံးထားတယ်။အရင်က ၂၀၀ ထက်ကိုမကျော်ဘူး။အခုက ၄၀၀ ထက်မနည်းဘူး။လက်ရှိ တပ်စွဲထားတဲ့ နေရာတွေကလည်း ချောင်းဦး မြို့နယ်ကို စစ်ကြောင်းထိုးမယ်လို့ သုံးသပ်ရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော စစ်​​ကောင်စီတပ်က ချောင်းဦးမြို့နယ် အနောက်ဘက်ခြမ်းက အမြင့်ရွာနဲ့ မြောက်ဘက် ခြမ်းက ကျီကုန်းကျေးရွာတွေမှာ အထိုင်ချ တပ်စွဲထားတယ်လို့ အသိပေးပါတယ်။

“စစ်ကြောင်းက လှုပ်လာတာတော့ မရှိသေးဘူး။နမခ ကနေ ကျီကုန်းဘက်ကို အင်အားထပ်ဖြည့် နေတုန်းပဲ။ဒါပေမယ့် ပါရာ၊ဂျိုင်​ရို နဲ့ လက်နက်ကြီး နဲ့ ပစ်တာတော့ ချောင်းဦးထဲ ခပ်စိပ်စိပ်ဖြစ်လာတယ်”လို့ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေ ထောက်လှမ်းမှုတွေအရ ချောင်းဦးမြို့နယ်အတွင်းက စစ်ကြောင်းဟာ ရက်ရှည်စစ်ကြောင်းထိုးတာဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

“မုံရွာခရိုင်ထဲမှာဆို စကစက တခြားမြို့နယ်တွေမှာနယ်မြေရှင်းလင်းရေး လုပ်တာ ပြီးသွားပြီ။ကျန်နေတဲ့ ချောင်းဦးကို လာတယ်ပေါ့။နမခရဲ့အဝင် အထွက်လည်းဖြစ်နေတော့ ချောင်းဦးမြို့နယ်ကို အင်အားပိုသုံးတယ်လို့ ယူဆတယ်။စစ်ကြောင်းကလည်း ရက်ရှည်ထိုးမယ်လို့မြင်တယ်”လို့ ချောင်းဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိ ရှိကြဖို့ နဲ့ ကြိုတင်ပြင်ဆင်ကြဖို့လည်း ချောင်းဦးမြို့နယ် ပကဖက ဒီဇင်ဘာ ၄ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။

(ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းပိုင်း မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို ၂၀၂၅အတွင်း တိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ – ချောင်းဦး ပကဖ)

ဆက်စပ်သတင်းများ