Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ရောက်စစ်တပ်က ဂျန်မာကားတွေနဲ့ ကင်းလှည့်နေ

မိုးမိတ်မြို့အတွင်း ဝင်လာတဲ့ စစ်တပ်က ဂျန်မာတွေတပ်ဆင်ထားတဲ့ ကားတွေနဲ့ မြို့ကို ကင်းလှည့်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

မိုးမိတ်မြို့ပေါ်တိုက်ပွဲတွေအတွင်း မီးလောင်ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်၊ဆိုင်ခန်းများ။ ဓာတ်ပုံ-ဓမ္မပါလ အရှင်စိန္တိတ

ဒီဇင်ဘာ-၅၊၂၀၂၅။မိထက်/People’s Spring

မိုးမိတ်မြို့အတွင်း ဝင်လာတဲ့ စစ်တပ်က ဂျန်မာတွေတပ်ဆင်ထားတဲ့ ကားတွေနဲ့ မြို့ကို ကင်းလှည့်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၂၅ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့ကို ကားတွေနဲ့ဝင်ရောက်လာတာ ဖြစ်ပါတယ်။ မြို့ပေါ်က ဌာနဆိုင်ရာအဆောက်အအုံတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေမှာလည်း တပ်ဆွဲထားတယ်လို့ မိုးမိတ်မြို့ခံအချို့က ပြောပါတယ်။

မိုးမိိတ်မြို့ဘောလုံးကွင်းထဲမှာ အများဆုံးတပ်စွဲထားပြီး မြို့ထဲကို မကြာခဏ ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” RC တိုက်တချို့ကို သူတို့ ဝင်နေတယ်။တစ်လလောက် တပ်စွဲထားမယ်ပြောတယ်။ လက်မခံချင်တာကို သေနတ်တကားကားနဲ့ ခြိမ်းခြောက်တယ်လေ။ အိမ်ရှင်တွေက ဖယ်ပေးရတယ်” လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကားတွေမှာ ဒရုန်းရန်ကာကွယ်ရေး ဂျန်မာ‌တွေတပ်ထားသလို ပိုက်တွေလည်း ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့က မြို့ထဲကိုကင်းလှည့်နေပြီး ဂျန်မာတွေအရမ်းသုံးတယ်။ ဒရုန်းကို‌ တော်တော်ကြောက်ပုံရတယ်။ သေနတ်တွေလည်း မောင်းတင်ထားတာ “ လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချိရေး လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မိုးမိတ်မြို့ကဌာနဆိုင်ရာရုံးတချို့ရှေ့မှာ စုဝေးပြီးရိုက်ထားတဲ့ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

မိုးမိတ်မြို့ဟာ တအာင်းတပ်မတော်(TNLA)ဦးဆောင်ပြီး ပူးပေါင်းတပ်တွေကက ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့ပါတယ်။

သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ TNLAက အောက်တိုဘာလ၂၉ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

TNLAနဲ့ စစ်‌ကောင်စီ အပေးအယူအနေနဲ့ တအာင်းဒေသကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိသည့်နေရာမှာ တပ်တွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးခဲ့တာပါ။ ထိန်းချုပ်ဒေသက ဒေသခံတွေ၊ တော်လှန်ရေးတပ်တွေနဲ့ မတိုင်ပင်ဘဲ စစ်ကောင်စီနဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေပြန်ဝင်လာတဲ့ မိုးကုတ်မြို့နယ်မှာလည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။

(၂၈)မိုင်ခန့်ဝေးတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာတော့ ‌ပစ်ခတ်မှုတချို့ရှိနေပေမယ့် မိုးမိတ်မြို့မှာတော့ အခြေအနေ ငြိမ်သက်နေပါတယ်။မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၁၀ခုရှိပြီး ဒေသခံသုံးပုံနှစ်ပုံဟာ မြို့ကိုစွန့်ခွာထွက်ပြေး နေကြရပါတယ်။

” စစ်တပ်က အခုထက်ထိတော့ ရုပ်ပျက်ဆင်းပျက်မဆက်ဆံသေးဘူး။ ရှိနေတဲ့ ဒေသခံတွေကလည်း ဖာသိဖာသာနေတာ” လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။

မိုးမိတ်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့လည်းဆက်စပ်နေပါတယ်။ မိုးမိတ်မြို့နယ်အနီးမှာ KIA တပ်ရင်း ၃၄ ရှိနေပြီး လက်ရှိအချိန်အထိ စစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့် အကယ်၍ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင် အကူအညီပေးသွားဖို့ ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ