ဒီဇင်ဘာ-၅၊၂၀၂၅၊ မိုမို/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် အမှတ်(၂၅၇) ခြေလျင်တပ်ရင်း(ခလရ-၂၅၇)က တပ်ရေးဗိုလ်ကြီးကို ဖမ်းဆီးရာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီဝန်းကျင်က ဖူလုံကျေးရွာရဲ့ ဘိလိယက်ခုံရှိနေစဉ် တပ်ရေးဗိုလ်ကြီးသက်နိုင်ဦး(ခ)A2 ကို ဝင်ဖမ်းခဲ့တာလို့ ဆိုပါတယ်။
“သူ့ကို စောင့်ကြည့်နေတာတော့ ကြာပြီ။အဲဒီနေ့က အလျဥ်းသင့်တာနဲ့ ဝင်ဖမ်းတယ်။သူက အသာ တကြည် လိုက်တယ်။ခုခံစရာမပါတော့။ဒါပေမယ့် လမ်းမှာ ရဲဘော်ရဲ့လက်နက်ကိုလုယူပြီး ခုခံလို့ ပစ်ခတ်ရှင်းလင်းခဲ့တာ”လို့ ရေစကြို ပကဖ တာဝန်ရှိသူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement
တပ်ရေးဗိုလ်ကြီးဆီက ဆိုင်ကယ်တစ်စီး၊ ဖုန်းသုံးလုံး၊ကျပ် သုံးသိန်း၊မှတ်ပုံတင်နှစ်ခုကို သိမ်းဆည်းရှိခဲ့တယ်လို့ အသိပေးပါတယ်။
“အဲဒီတပ်ရေးဗိုလ်က စစ်မှုထမ်းတွေနဲ့ ပေါ်တာဆွဲခံရတဲ့ သူတွေရဲ့ မိသားစုတွေဆီကနေ တိုက်ပွဲမလိုက်စေချင်ရင် ပိုက်ဆံပေးဆိုပြီး ငွေညှစ်နေတဲ့သူ”လို့ ရေစကြို မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတပ်ရေးဗိုလ်ကြီးရဲ့ရုပ်အလောင်းကို စစ်ကောင်စီက ဒီဇင်ဘာ ၃ရက်ညပိုင်းက လာရောက်ယူဆောင်ပြီးနောက် တပ်တွင်းကနေ ဟောင်ဝစ်ဇာနဲ့ မြို့နယ်တောင်ဘက် ခြမ်းကို ပစ်ခတ်တာတွေရှိတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ရေစကြိုမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ ခလရ(၂၅၆)၊ခလရ(၂၅၇)နဲ့ ခလရ(၂၅၈)တပ်ရင်းတွေရဲ့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်ကြီး အပါအဝင် သေဆုံးသူများတယ်လို့ ရေစကြို ပကဖက ထုတ်ပြန်ထားပါတယ်။


















































