Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အမတ်လောင်းတစ်ဦး သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မယ့် ပြည်သူ့ပါတီက အမတ်လောင်း ဦးမြင့်ဌေးဆိုသူ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

ဒီဇင်ဘာ-၅၊ ၂၀၂၅။ ရှင်းသန့်/People’s Spring

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မယ့် ပြည်သူ့ပါတီက အမတ်လောင်း ဦးမြင့်ဌေးဆိုသူ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

အသက် ၆၁ နှစ်အရွယ် ဦးမြင့်ဌေးဟာ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သူ့အိမ်မှာ ဒီဇင်ဘာ ၃ရက် ည ၁၀ နာရီကျော်က ဦးနှောက်သွေးကြောပြတ်သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဦးမြင့်ဌေးဟာ ပဒုမ္မာလူမှုကူညီဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ဥက္ကဌဖြစ်ပြီး ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေစဉ် သေဆုံးသွားတာဖြစ်ပါတယ်။

“မဲဆွယ်တာတောင် လူရှေ့ရဲရဲတင်းတင်း မထွက်ရဲဘူး။ စစ်တပ်ဘက်တော်သားတွေ ဘယ်လောက်တောင် ဖိအားများမလဲ သူတို့ပဲ အသိဆုံး”လို့ ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဦးမြင့်ဌေးဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖိနှိပ်ခဲ့သူဖြစ်တယ်လို့ ပုသိမ်မြို့ ဒေသခံတချို့ကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ရာမှာ အခက်အခဲဖြစ်အောင် စစ်တပ်ကို တိုင်ကြားခဲ့သူဖြစ်တယ်လို့လည်း သိရှိရပါတယ်။

“အဲဒီလူက ခေတ်အဆက်ဆက် ရဲ၊စစ်ဗိုလ်တွေဖားပြီး စားလာတဲ့လူ၊ ပရဟိတယောင်ယောင်၊ NGO ယောင်ယောင်၊ သတင်းသမားယောင်ယောင်၊ အမှုပွဲစားယောင်ယောင်နဲ့ အာဏာသိမ်းတော့လည်း စစ်တပ်တွေ ရဲတွေနဲ့ ပေါင်းနေတာ။ အခုတော့သေပြီ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဦးမြင့်ဌေးရဲ့ နာရေးကို ဒီနေ့ ဒီဇင်ဘာ ၅ ရက်၊ မွန်းလွဲ ၂ နာရီခွဲမှာ ပုသိမ်မြို့၊ သရောင်းချောင်းသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုက အသိပေးထားပါတယ်။

ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ဝင်ပြိုင်ဖို့ရှိပြီး ကိုယ်စားလှယ်လောင်းရဖို့ ခက်ခက်ခဲခဲစည်းရုံးခဲ့ရပါတယ်။

“ဟင်္သာတတို့ ဇလွန်တို့မှာလည်း ဝင်ရွေးမယ့်သူမရှိလို့ ရှိတဲ့သူ အတင်းထည့်ရတာ။ အခု အမတ်လောင်းသေတယ်ဆိုတော့ ဦးကိုကိုကြီးလည်း လမ်းပျောက်မှာ” လို့ ဧရာဝတီတိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

ပြည်သူ့ပါတီကိုယ်စားပြုပြီး ဟင်္သာတမြို့ကနေ ဝင်ပြိုင်မယ့် အမတ်လောင်းကလည်း ရွေးကောက်ပွဲနိုင်ရင် မြို့လယ်ခေါင်အာဇာနည်ပန်းခြံထဲက အများသုံးအိမ်သာကို အရင်ရှင်းမယ်လို့ပြောပြီး မဲဆွယ်လို့ လှောင်ပြောင်ခံနေရပါတယ်။

ဆက်စပ်သတင်းများ