ဒီဇင်ဘာ-၅၊ ၂၀၂၅။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲဝင်ပြီး လူငယ်၊လူကြီးမကျန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
လစဥ် ပေါ်တာအဆွဲခံနေရတဲ့ ဝမ်းတွင်းမြို့နယ်မှာ ယခု ဒီဇင်ဘာမှာလည်း ပေါ်တာဆွဲနေပြီး မနေ့က ဒီဇင်ဘာ ၄ရက်က ဝမ်းတွင်း-ပင်းတလဲ လမ်းပေါ်နဲ့ မြို့နယ်အနောက်ပိုင်းက ရွှေဖလားကန်၊ရှားတော၊ အိုမတွေ့၊ သုံးဒေါင့်အိုင်၊ ဖိုကုန်း၊ ရုံးပင်ကုန်း၊ ကုန်းကံ၊ ဆည်ရွာ၊ ရွာသစ်စတဲ့ ကျေးရွာတွေကိုဝင်ပြီး ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
“ရွာတွေမှာပါသွားတဲ့သူတွေအတော်များနေပြီ။ အိမ်မှာအိပ်နေတဲ့လူပါခေါ်သွားတာ အတော်ဆိုးနေပြီ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

Public Service Announcement
မနေ့က နေ့လယ်ပိုင်းကလည်း သဖန်းကျေးရွာဝင်ပြီး ပေါ်တာဆွဲခံရလို့ လူငယ် ၁၀ဦးခန့်ပါသွားကြောင်း Voice Of Wundwin အဖွဲ့က အသိပေးပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စိတ်ကျန်းမာရေးမကောင်းသူတချို့လည်း ပါဝင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ဝမ်းတွင်းရဲစခန်း ခေါ်သွားပြီး ငွေကြေးတက်နိုင်သူတွေကိုတော့ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မန္တလေးတိုင်းတင်မကဘဲ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ အခြားဒေသတွေမှာ စစ်ကောင်စီက လစဥ်ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပြီး ဒီလမှာတော့ စစ်မှုထမ်း အပတ်စဥ်(၂၁) စတင်ဖို့ ကြိုးစားနေပါတယ်။


















































