ဒီဇင်ဘာ – ၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ထိုင်းနယ်စပ်အနီးမြဝတီမြို့တောင်ဘက်၊မင်းလက်ပံရွာဘက်မှာဒီနေ့ (ဒီဇင်ဘာ ၅)ရက် မနက်ပိုင်းက စစ်ကောင်စီတပ် နဲ့ KNU ပူးပေါင်းတပ် တို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီးလက်နက်ကြီးကျည် ထိုင်းနိုင်ငံထဲကို ထပ်မံကျရောက်တာကြောင့် ထိုင်းနိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
မင်းလက်ပံရွာရဲ့ တဖက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ ၊ မဲ့ကိုကင်းရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ထိုင်းနိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ရွာသူရွာသားတချို့ဟာ ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကမဲ့ကိုကင်းရွာထဲ လက်နက်ကြီး ကျရောက်တာကြောင့် မြန်မာစစ်ရှောင်တွေ နေထိုင်တဲ့ တန်းလျားအဆောက်အဦးပေါ် ထိမှန်ခဲ့ပြီး စစ်ရှောင်ကလေးနှစ်ဦးအပါအဝင် ငါး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement
နိုင်ငံထဲကိုလက်နက်ကြီးကျည်ကျတာကြောင့် ထိုင်းစစ်တပ်က မီးခိုးဗုံးတွေနဲ့ အချက်ပြ ပြန်လည်ပစ်ခတ်ခဲ့ပြီး နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်ထားသလို မဲဆောက်မြို့က နေ မြန်မာဘက်ခြမ်းကို ကူးတဲ့ နယ်စပ်ကမ်းကူးဂိတ်(စက်လှေဂိတ်)တွေကိုလည်း တစ်ပတ်ကြာ ပိတ်ထားမယ်လို့ ထိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်စတင်ပြီး မင်းလက်ပံ ရွာဆီ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်နဲ့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ၊ လက်နက်ကြီးပစ်ကူပေးတာတွေရှိနေပါတယ်။
လက်နက်ကြီးပစ်ကူကို မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ကုန်း၊ စွယ်တော်အမြောက်ကုန်းနဲ့ မေတ္တာလင်းမြိုင်နေရာတွေကနေ စစ်ကောင်စီတပ်က ပစ်ခတ်ပေးနေတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

















































