Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားမှုမရှိဟု KIA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

▪️ကချင်က မြို့နယ်လေးခုမှာ တိုက်ပွဲဆက်ဖြစ်

ဒီဇင်ဘာ-၅၊ ၂၀၂၅။ ဆန်အောင်/Peolple’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ်က မြို့နယ်လေးခုမှာတော့ တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(TNLA) ဆုတ်ခွာသွားတဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီတပ် ဝင်လာလို့ နိုဝင်ဘာ ၃၀ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာ KIA ၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီ မိုးမိတ်မြို့ဘက်က စစ်ရေးအခြေအနေတွေ လတ်တလော ထူးခြားမှုမရှိဟု ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဒီဇင်ဘာ ၅ရက်မှာ ပြောပါတယ်။

“ဟိုတနေ့က တိုက်ပွဲဖြစ်တယ်ဆိုတာနောက်ဆုံးဖြစ်ပါတယ်။တခြား တိုက်ပွဲဖြစ်တဲ့ဟာနောက်ထပ်တိုက်ပွဲဖြစ်တဲ့ဟာဘာမှမရှိဘူး။သတင်းလည်းမဝင်ဘူး။” ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၂၅ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့ကို ကားတွေနဲ့ဝင်ရောက်လာတာ ဖြစ်ပါတယ်။ မြို့ပေါ်က ဌာနဆိုင်ရာအဆောက်အအုံတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေမှာလည်း တပ်ဆွဲထားတယ်လို့ မိုးမိတ်မြို့ခံအချို့က ပြောပါတယ်။

မိုးမိိတ်မြို့ဘောလုံးကွင်းထဲမှာ အများဆုံးတပ်စွဲထားပြီး မြို့ထဲကို မကြာခဏ ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။

” RCတိုက်တချို့ကို သူတို့ ဝင်နေတယ်။တစ်လလောက် တပ်စွဲထားမယ်ပြောတယ်။ လက်မခံချင်တာကို သေနတ်တကားကားနဲ့ ခြိမ်းခြောက်တယ်လေ။ အိမ်ရှင်တွေက ဖယ်ပေးရတယ်” လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ ခါတိုင်းလို ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်နဲ့ ခေါင်လန်ဖူး ဒေသတွေမှာ စစ်ရေးတိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ အသိပေးပါတယ်။

“ တိုက်ပွဲက ဗန်းမော်ဘက်မှာ နေ့တိုင်းရှိပါတယ်။ နောက်ပြီးတော့ ဖားကန့်ဘက်မှာ ကြိုကြားကြိုကြား မြေပြင်တိုက်ပွဲတွေရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းက လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ပြည်သူလူထု ထိခိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ဘက်မှာလည်း လတ်တလော မြေပြင်တိုက်ပွဲတွေမရှိပေမယ့် ရန်ဖန်ရန်ခါ လက်နက်ကြီး ပစ်ခတ်မှုရှိတယ်လို့ အသိပေးပါတယ်။

“ ခေါင်လန်ဖူးဘက်မှာကတော့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကျနော်တို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတချို့တော့ရှိပါတယ်။ ဒါပေမဲ့ နယ်မြေ တည်နေရာတွေ တိတိကျကျ မသိဘူး။ ဟိုဘက်က ရွာတွေက ကျနော်လည်း နာမည်တောင်မှ မခေါ်တက်ဘူး။ ဆိုတော့ တိုက်ပွဲရှိတယ်ဆိုတာလောက်ပဲ အသိပေးလိုပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIAဟာ ခေါင်လန်ဖူးဒေသက စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းအချို့ကို ပြီးခဲ့တဲ့ လပိုင်းအတွင်းက သိမ်းပိုက်ထားတာရှိပါတယ်။

ဆက်စပ်သတင်းများ