■ မြန်မာစစ်တပ်ကထိုင်းဘက်ကိုတမင်ရည်ရွယ်ပစ်ခတ်နေတာလားဆိုတာကိုလည်းမေးခွန်းထုတ်
ဒီဇင်ဘာ-၅၊၂၀၂၅။People’s Spring
မြန်မာဖက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေလမ်းလွဲလာတဲ့ ကျည်ဆန်တွေ ထိမှန်ခဲ့တာကြောင့်ထိုင်းပြည်သူတွေ ဒဏ်ရာရခဲ့တဲ့အပေါ် အစိုးရ တုံ့ပြန်ပုံကို ထိုင်းအမတ် မေးခွန်းထုတ်လိုက်ပါတယ်။

ထင်ရှားတဲ့ ထိုင်းလွှတ်တော်အမတ်ကန်နာဗီဆူယက်ဘ်ဆန်က မြန်မာဖက်ကကျည်ဆန်တွေကြောင့် ထိုင်းပြည်သူတွေ ဒဏ်ရာရနေကြတယ် ဆိုတာကို ထိုင်းအစိုးရက သတိရော ထားမိရဲ့လားလို့ မေးခွန်းထုတ်ထားခဲ့ပါတယ်။

Public Service Announcement
ဒီဇင်ဘာ ၂ ရက်နေ့တုန်းက မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲမှာ နယ်ခြား တစ်ဖက်ခြမ်း မြန်မာဖက်က ပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ ထိမှန်ပြီး ထိုင်းအမျိုးသမီးကြီးနှစ်ဦး ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ကန်နာဗီက Facebookမှာ ရေးသားထားခဲ့တာပါ။
ထိုင်းတပ်တွေကတော့ အဲဒီဖြစ်စဉ်အပြီး မြန်မာဖက်ခြမ်း၊ ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲမှာ စစ်ခင်းနေကြတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ကြားကို မီးခိုးဗုံး မော်တာကျည်တွေ ပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
သူက မြန်မာစစ်တပ်ဟာ လကုန်ပိုင်းကျရင် ကျင်းပဖို့ အားခဲပြင်ဆင်နေတဲ့အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင်မှာ KNLAဆီက နယ်မြေတွေ ရသလောက် ပြန်သိမ်းဖို့ ကြိုးစားရာကနေ နယ်စပ်တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာလို့လည်း သုံးသပ်ထားပါတယ်။ ဒါပေမဲ့ထိုင်းနဲ့ထိစပ်နေရာ နယ်စပ်တဝိုက်က စစ်ရေး အခင်းအကျင်းတွေမှာ စစ်တပ်ဟာကရင်တော်လှန်ရေးအင်အားစုတွေလောက် စွမ်းဆောင်ရည်မမြင့်မားဘူးလို့ကန်နာဗီက မှတ်ချက်ပေးထားခဲ့ပါတယ်။
သူကမြန်မာအာဏာသိမ်းစစ်တပ်ဟာ ထိုင်းပိုင်နက်ထဲကို တမင်တကာ ရည်ရွယ်ပြီး ကျည်တွေ ကျရောက်အောင် ပစ်ခတ်နေသလား ဆိုတာကိုလည်း မေးခွန်းထုတ်ထားခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ထိုင်းက ကန့်ကွက်ရင် KNLAက လေးစားမှုထားပြီး စစ်ရေး ပဋိပက္ခကို အရှိန်လျော့သွားအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ မျှော်လင့်ချက်နဲ့ စစ်တပ်က ထိုင်းဖက်ကို တမင် ပစ်ခတ်နေတာ ဖြစ်နိုင်တယ်လို့ ကန်နာဗီက ဆိုပါတယ်။
အဲဒီကိစ္စသာအမှန်ဆိုရင်နောက်ထပ်လည်းထိုင်းပိုင်နက်ထဲကျည်တွေကျပြီးထိုင်းပြည်သူတွေ ထိခိုက်တာ၊ ဒါမှမဟုတ် သေဆုံးတာတွေထိ ဖြစ်နိုင်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ကန်နာဗီက ထိုင်းနယ်စပ်ကို ကျည်ဆန်တွေ ကျပေမယ့် ထိုင်းအစိုးရက ထိထိရောက်ရောက် ဘာမှမတုံ့ပြန်တာကိုလည်း ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် နယ်စပ်မှာ စံသတ်မှတ်အဆင့် စစ်ဆင်ရေး အပြင်အဆင်တွေကို အသက်သွင်းတာမျိုး၊ မြန်မာစစ်တပ် လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီ အကြောင်းကြား ကန့်ကွက်တာမျိုးတွေ ဘာမှ မရှိတဲ့အပေါ် သူက မေးခွန်းထုတ်ထားပါတယ်။
သူ့ရဲ့ ပို့စ်ထဲမှာတော့ ထိုင်းအစိုးရ အနေနဲ့ နယ်စပ်ဖြတ်ကျော် မငြိမ်းချမ်းမှုတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက် လုံခြုံရေး သံတမန်ရေး ချဉ်းကပ်မှုမျိုးကို စီမံရွေးချယ်ဖို့၊ နယ်စပ်ဒေသက ထိုင်းပြည်သူတွေကို အကာအကွယ်ပေးဖို့လည်း ကန်နာဗီက တိုက်တွန်းသွားခဲ့ပါတယ်။
ဒါ့အပြင်ထိုင်းနယ်စပ်က လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း KNU/KNLA ထိန်းချုပ်ထားတဲ့ မင်းလက်ပံဒေသကို စစ်တပ်ကသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ရင်း မြန်မာဘက်ကကျည်ကျတာကြောင့် ထိုင်းပြည်သူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ နယ်စပ်ကထိုင်းရွာထဲကို လက်နက်ကျည်ကျတာကြောင့် ထိုင်း ပြည်သူ ၂ ဦးဒဏ်ရာရခဲ့တာဖြစ်ပြီး ကျန်ရွာသူရွာသားတွေလည်းထွက်ပြေးနေရတယ်လို့ ဓါတ်ပုံတွေနဲ့တကွဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း မင်းလက်ပံမှာတိုက်ပွဲတွေထပ်မံဖြစ်ပွားနေတယ်လို့ သတင်းရပြီးနယ်စပ်ကပြည်သူတွေသတိထားကြဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်ကသတိပေးထားပါတယ်။
ကိုးကား: Kannavee Suebsang Facebook

















































