ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို လုပ်ကြံခဲ့တဲ့ အမျိုးသားက ကွယ်လွန်သူရဲ့ မိသားစုကို တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
တတ်ဆူယာ ယာမာဂါမီဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့တုန်းက နိုင်ငံအနောက်ပိုင်း၊ နာရာမြို့က နိုင်ငံရေး ဟောပြောမှု အစီအစဉ် တစ်ခုမှာ အာဘေးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ယာမာဂါမီဟာ လူသတ်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ ယာမာဂါမီက သူဟာ အာဘေးရဲ့ ဇနီးဖြစ်သူ အာကိုင် အာဘေးအတွက် အထူးစိတ်မကောင်း ဖြစ်မိပြီး တောင်းပန်ပါကြောင်း တရားခွင်မှာ ပြောကြားခဲ့ပါတယ်။
သူ့ကြောင့် မိသားစု တစ်ခုဟာ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလုံးလုံး ထိခိုက်ခံစားခဲ့ရကြောင်း၊ ဒီအတွက် သူ့မှာ ပေးစရာ ဆင်ခြေ မရှိပါကြောင်း ယာမာဂါမီက ဆိုပါတယ်။

Public Service Announcement
သူဟာ လက်လုပ်သေနတ် တစ်လက်ကို အသုံးပြုပြီး အာဘေးကို ပစ်ခတ်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်းကို အရေးပေါ် ဆေးရုံတင်ပို့ခဲ့ပေမယ့် ဒဏ်ရာပြင်းလို့ အဲဒီနေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ရဲတွေက စုံစမ်းစစ်ဆေးတဲ့အခါ ယာမာဂါမီက သူ့မိသားစုကို ဘဝပျက်စေခဲ့တဲ့ အငြင်းပွားစရာ ဘာသာရေး ဂိုဏ်းတစ်ခုနဲ့ ဆက်နွှယ်နေတာကြောင့် အာဘေးကို အငြှိုးထားပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ အဲဒီကိစ္စ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေမှာတော့ ပေါင်းစည်းရေး ဘုရားကျောင်းလို့ နာမည်ပေးထားတဲ့ ဘာသာရေးဂိုဏ်းနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတွေပါ ထွက်ပေါ်လာပြီး အခုနှစ် မတ်လမှာတော့ ဂိုဏ်းကို ဖျက်သိမ်းဖို့ တိုကျို တရားရုံး တစ်ခုက အမိန့်ချခဲ့ပါတယ်။ ဘာသာရေးဂိုဏ်းကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ယာမာဂါမီက ဘုရားကျောင်း တာဝန်ရှိသူတွေဟာ ယုံကြည်ကိုးကွယ်သူ သူ့မိသားစုဝင်တွေကို စီးပွားပျက်တဲ့အထိ လှည့်စားပြီး ငွေတွေညှစ်ယူခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ စစ်ဆေးမှုတွေ အရလည်း အဲဒီဂိုဏ်းဟာ ကိုးကွယ်သူတွေကို အလွန်အကျွံ အလှူငွေတွေ ထည့်ဝင်ခိုင်းတာမျိုး၊ တခြားရန်ပုံငွေတွေ လွန်လွန်ကဲကဲ ကောက်ယူတာမျိုးတွေ ရှိခဲ့ကြောင်း သိရပါတယ်။
အာဘေးရဲ့ အဖိုးဖြစ်သူ ဂျပန် ဝန်ကြီးချုပ်ဟောင်း နိုဘူဆူကီ ကီရှီ လက်ထက်ကတည်းက အဲဒီ ဘာသာရေးဂိုဏ်းနဲ့ ဆက်စပ်မှုတွေ လူသိရှင်ကြား ရှိခဲ့ဖူးကြောင်းလည်း ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား: BBC

















































