Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ထားဖို့ ကုလကော်မတီ အဆိုပြု၊ မနှစ်ကဆုံးဖြတ်ချက်နဲ့ အတူတူပဲလို့ သံအမတ်ကြီးပြော

ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဟာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ လက်ရှိအတိုင်း ဆက်ထားဖို့ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံကို အစီရင်ခံစာတင်သွင်းလိုက်တယ်လို့ သိရပါတယ်။

ကုလအစည်းအ​ဝေးတစ်ခုမှာ မိန့်ခွန်း​ပြောကြား​နေတဲ့ ဦး​ကျော်မိုးထွန်း

“သံအမတ်ကြီးက ဆက်ရှိဖို့က သေချာသလောက်ပါပဲ။ ညီလာခံမှာ အတည်ပြုဖို့ အဆင့်ပဲ ကျန်မယ်” – မြန်မာကိုယ်စားလှယ်ရုံး သတင်းရင်းမြစ်

ဒီဇင်ဘာ-၅၊ ၂၀၂၅။ People’s Spring

ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဟာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ လက်ရှိအတိုင်း ဆက်ထားဖို့ (၈၀)ကြိမ်မြောက် အထွေထွေညီလာခံကို အစီရင်ခံစာတင်သွင်းလိုက်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သံအမတ်တို့ အပြိုင်တင်သွင်းခဲ့ကြပြီး Credentials Committee က အပြိုင်တင်သွင်းလာမှုကို ဘယ်လိုမှ မဆုံးဖြတ်သေးဘဲ ရွှေ့ဆိုင်းဖို့နဲ့ လက်ရှိအတိုင်း ဆက်ထားဖို့ ကော်မတီအတွင်း မဲခွဲခြင်းမရှိဘဲ ဆုံးဖြတ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဓိပ္ပာယ်ကတော့ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ကော်မတီက အစီရင်ခံခဲ့ပြီး အဲဒီအစီ
ရင်ခံစာကို အထွေထွေညီလာခံမှာ အတည်ပြုမယ်လို့ နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူ သတင်းရင်းမြစ်က Peopel’s Spring ကို ပြောပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း Credentials Committee ရဲ့ အစီရင်ခံစာ ဒီနေ့ ထွက်လာပြီး အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေ အတည်ပြုဖို့ အဆင့် ကျန်ရှိတယ်လို့ People’s Spring ကို ပြောပါတယ်။ “မနှစ်က ဆုံးဖြတ်ချက်နဲ့ အတူတူပါဘဲ ခင်မျ” လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

“သံအမတ်ကြီးက ဆက်ရှိဖို့က သေချာသလောက်ပါပဲ။ ညီလာခံမှာ အတည်ပြုဖို့ အဆင့်ပဲကျန်မယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Credentials Committee ရဲ့ အစီရင်ခံစာထွက်လာကြောင်း၊ အတည်မပြုရသေးဘူးလို့ သိရကြောင်း People’s Spring ကို ပြောပါတယ်။

“UN မှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းရှိနေခြင်းဟာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက အမှန်အတိုင်းကြားနိုင်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ သံအမတ်ကြီးနေရာမှာသာ အကြမ်းဖက်စစ်တပ်လက်အောက်က သူတဦးဦးကို ပြောင်းလဲလက်ခံလိုက်မယ်ဆိုရင် ဒါဟာ မြန်မာပြည်သူတွေရဲ့အသံအစစ်အမှန်ကို လုံးဝပိတ်ချလိုက်ပြီး မုသားတွေအတွက် နေရာပေးလိုက်သလိုဖြစ်သွားမှာပါ။ ဒါကို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ သိမြင်နားလည်ပြီး မြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ကိုယ်စားပြုခွင့်ပေးခြင်းကသာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တထပ်တည်းကျမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကတည်းက ကုလသမဂ္ဂစင်မြင့်ကနေ အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့သူ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)က ပြီးခဲ့တဲ့ ၄နှစ်ဆက်မှာလည်း အခုလိုပဲ ဆုံးဖြတ်အစီရင်ခံခဲ့တာပါ။ ကော်မတီရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံက ဆက်လက် အတည်ပြုခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေနဲ့ မြန်မာပြည်သူတွေ ခံစားနေရမှုတွေကို ကုလသမဂ္ဂမျက်နှာစာကနေ တောက်လျှောက် တင်ပြအစီရင်ခံနေတာလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ