ဒီဇင်ဘာ-၆၊၂၀၂၅။ ဆန်အောင်/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကူညီအားပေးသူတွေကို အရေးယူမှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း(ပုလော PDF)က ဒီဇင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ အောင်မြင်ရေး ဦးဆောင်ပါဝင်ဆောင်ရွက်နေတဲ့ ကျောက္ကာကျေးရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဌ ဦးကြည်သန်းနဲ့ ကျောက္ကာရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချိုတို့အား အရေးယူဆောင်ရွက်တဲ့ အခြေအနေကိုထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီလို အရေးယူဖို့ ဆောင်ရွက်ရာမှာ ကျေးရွာရဲ့ တစညပါတီ ဥက္ကဋ္ဌ ဦးကြည်သန်းကို ဖမ်းဆီးဖို့ ကြိုးပမ်းစဉ် လက်နက်လုယူပြီး ပြန်လည်ပစ်ခတ်ဖို့ ကြိုးစားလာလို့ ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်ဖြစ်တဲ့ အမျိုးသမီးကိုတော့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ အရပ်သား တစ်ဦး လက်သန်းမှာ ကျည်ထိမှန်ဒဏ်ရာရတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မတော်တဆထိခိုက်မှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ကာယကံရှင်နဲ့ မိသားစုအား လေးနက်စွာ တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပြီး နောင်မှာ လူထု မထိခိုက်အောင် အထူးဂရုပြု ဆောင်ရွက်မယ်လို့ အသိပေးပါတယ်။
ကျောက္ကာရွာက စစ်ကောင်စီ ရွေးကောက်ပွဲ ကူညီအားပေးသူတွေကို အရေးယူတဲ့ စစ်ဆင်ရေးက မနေ့က ဒီဇင်ဘာ ၅ရက်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူတွေကို အရေးယူမှု လုပ်ဆောင်တာဟာ ပထမဆုံး ဖြစ်တယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။
မြိတ်ခရိုင် တပ်ရင်း(၁)အနေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးတဲ့ ကြေညာချက်ကို နိုဝင်ဘာ ၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး တလခန့်အကြာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ အားပေးကူညီသူတွေကို အရေးယူတဲ့ အခြေအနေကို သတင်းထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူပုဂ္ဂိုလ်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေအ နေနဲ့ တဦးချင်းသော်လည်းကောင်း အဖွဲ့အစည်းအနေနဲ့ သော်လည်းကောင်း မဲဆွယ်စည်းရုံးတာ၊ အတင်းအကြပ် ဆန္ဒမဲပေးဖို့ ခြိမ်းခြောက်တာ၊ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာတဲ့ အစိုးရ၊ ယန္တရားကိုမှ ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က ကြေညာထားတာပါ။
စစ်ကောင်စီရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင် ဗိုလ်ချုပ်တွေနဲ့ သူတို့ မိသားစုဝင်တွေ၊ အပေါင်းအပါတွေ ၊ စစ်တပ် လက်သပ်မွေးထားတဲ့ နိုင်ငံရေးပါတီ အမည်ခံ အဖွဲ့တွေ အာဏာရရှိရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသား ပြည်သူများအတွက် ဘာအကျိုးကျေးဇူးမှ ရရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းအနေနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဒီမိုကရေစီရရရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ အသက်မသေသေးသရွေ့ တိုက်ခိုက်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားကြောင်း ယာယီတပ်ရင်းမှူး ရဲဘော်ပျားအုံက ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အောင်ပွဲရဖို့ ကျည်စုစို့ ကမ်ပိန်းမှာ ပြောထားပါတယ်။


















































