ဒီဇင်ဘာ-၆၊၂၀၂၅။သတိုး/People’s Spring
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က ကျေးရွာတွေမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းစစ်ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ ဒေါင်းစစ်အောင် LPDFက အသိပေးထားပါတယ်။
ဒီဇင်ဘာ ၄ရက်က အဲဒီ့စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အရာရှိတစ်ဦး သေဆုံးတာနဲ့ အခြားအဆင့်သုံးဦး ဒဏ်ရာရရှိတာကို တပ်တွင်းသတင်းပေးတဆင့် သတင်းရရှိတာလို့ ဒေါင်းစစ်အောင် LPDF က ထုတ်ပြန်ထားပါတယ်။
“ငရဲပြည်ရောက်သွားသော စကမ ဗိုလ်၏ ငရဲပြည်ခရီးစဥ်အား လိုက်ပို့မည့်သူ မရှိပါသဖြင့် တိတ်တိတ်ပုန်း ပြာချလိုက်ရကြောင်း ဖရဲသီးဆီမှ သတင်းရရှိပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

Public Service Announcement
ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်သူတွေနဲ့ ဝေးဝေးနေဖို့လည်း ဒေါင်းစစ်အောင် LPDFက တိုက်တွန်းထားပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေါင်းစစ်အောင် LPDFထံ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကူညီအားပေးသူတွေကို အရေးယူမှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း(ပုလော PDF)က ဒီဇင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ အောင်မြင်ရေး ဦးဆောင်ပါဝင်ဆောင်ရွက်နေတဲ့ ကျောက္ကာကျေးရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဌ ဦးကြည်သန်းနဲ့ ကျောက္ကာရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချိုတို့အား အရေးယူဆောင်ရွက်တဲ့ အခြေအနေကိုထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီလိုအရေးယူဖို့ ဆောင်ရွက်ရာမှာ ကျေးရွာရဲ့ တစညပါတီ ဥက္ကဋ္ဌ ဦးကြည်သန်းကို ဖမ်းဆီးဖို့ ကြိုးပမ်းစဉ် လက်နက်လုယူပြီး ပြန်လည်ပစ်ခတ်ဖို့ ကြိုးစားလာလို့ ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်ဖြစ်တဲ့ အမျိုးသမီးကိုတော့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။


















































