Connect with us

Hi, what are you looking for?

သတင်း

KNUထိန်းသိမ်းစိစစ်နေတဲ့ မင်းလက်ပံငွေလိမ်ခြံဝင်းကို စစ်တပ်လက်နက်ကြီးပစ်လို့ ထိခိုက်မှုရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသ Shunda Park ငွေလိမ်ခြံဝင်းနဲ့ ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေ အလွန်အမင်းဆိုးရွားနေပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ငွေလိမ်ခြံဝင်းအတွင်း ကျရောက်လို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

KNU ထိန်းသိမ်းထားတဲ့ မင်းလက်ပံဒေသ Shunda Park ငွေလိမ်ခြံဝင်းအတွင်းက နိုင်ငံခြားသားတွေကို ထမင်းထုပ်ဝေရန် စီတန်းနေစဉ်။ ဓာတ်ပုံ - KNU

◾️ထိုင်းကတဆင့် နေရပ်နိုင်ငံပြန်ဖို့ ငြင်းနေတဲ့ တရုတ်နိုင်ငံသား ၉၃၀ကျော်ဟာ အခြားငွေလိမ်ခြံတွေ သွားခွင့်ရဖို့ ဖိအားပေးတောင်းဆိုနေဟု KNUထုတ်ပြန်

◾️ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေနဲ့ ထိပ်တိုက်မဖြစ်ရေး၊ ဒေသတွင်းနေသူတွေ ဘေးကင်းရေး လုပ်သင့်တာလုပ်ဖို့ KNLA ထံ အာဏာအပ်နှင်း၊ နိုင်ငံတကာတုံ့ပြန်မှု နှေးကွေးဟု KNU ပြော

ဒီဇင်ဘာ-၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံဒေသ Shunda Park ငွေလိမ်ခြံဝင်းနဲ့ ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေ အလွန်အမင်းဆိုးရွားနေပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ငွေလိမ်ခြံဝင်းအတွင်း ကျရောက်လို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နဲ့ အတူ စစ်ရေးဖော်ဆောင်နေတဲ့ DKBAတပ်ဖွဲ့ အကာအကွယ်ပေး လည်ပတ်နေတဲ့ အဲဒီ မင်းလက်ပံဒေသက ငွေလိမ်ခြံဝင်းကို KNUတပ်ဖွဲ့တွေက နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ဝင်ရောက်စီးနင်းပြီး ခြံဝင်းအတွင်းက လူတွေကို ကယ်ထုတ်တာ၊ အွန်လိုင်းငွေလိမ် လုပ်ငန်း တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နေချိန် စစ်ကောင်စီက ငွေလိမ်ခြံဝင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မင်းလက်ပံ ငွေလိမ်ခြံဝင်းမှာ စာရင်းကောက်ယူမှုအရ လူဦးရေ ၃၅၈၂ဦး ရှိပြီး အဲဒီထဲက ၂၆၄၀ ဦးဟာ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း KNUက အသိပေးထားပါတယ်။ မြန်မာ ၁၃၃၃ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးဖို့ စီစဉ်ပြီးသလို ကျန်တဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်းစုံက လူတွေကိုလည်း ထိုင်းအာဏာပိုင်တွေကတဆင့် ဘေးကင်းရာလွှဲပြောင်းပြီးဖြစ်ပေမယ့် တရုတ်နိုင်ငံသား ၉၃၁ ဦး အပါအဝင် ငွေလိမ်ခြံဝင်းမှာ ကျန်နေသူ ၉၄၂ဦးက ခြံဝင်းထဲက ထွက်ခွာဖို့ ငြင်းဆန်နေတာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက တဆင့်နေရပ်ပြန်ဖို့ ငြင်းဆန်ထားတဲ့ ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေဟာ ခြံဝင်းအတွင်း မီးရှို့တာ၊ ခြံဝင်းအတွင်း မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း KNUက အသိပေးပါတယ်။

တရုတ်နိုင်ငံသားအများစု ပါဝင်တဲ့ ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေဟာ ထိုင်းအာဏာပိုင်တွေက တဆင့်နေရပ်နိုင်ငံ ပြန်ဖို့ ငြင်းဆန်ပေမယ့် ကိုယ်ပိုင်အစီအစဉ်နဲ့ ထွက်ခွာဖို့၊ အခြား ငွေလိမ်ခြံတွေကိုသွားခွင့်ပေးဖို့ နည်းမျိုးစုံနဲ့ တောင်းဆိုနေတယ်လို့ KNUက ထုတ်ပြန်ပါတယ်။

” ယခုအခါ၎င်းတို့အားကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ခွာ ခွင့်ပြုရန် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် အခြား Scam ခြံဝင်းများသို့ သွားခွင့်ပေးရန် နည်းမျိုးစုံဖြင့် ဖိအားပေးတောင်းဆိုမှုများပြုလုပ်လာကြသည်။ ယင်းမှာ Shunda Park နှင့် အနီး တစ်ဝိုက်ရှိ လုံခြုံရေးအခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့် တရားဥပဒေနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်သည်။ ကျန်ရှိနေသူများအနက်မှ အများအပြားသည်လည်း ညအချိန်တွင် နံရံပေါ်သို့ ခုန်ကျော်ပြီး အပြင်သို့ထွက်ပြေးခဲ့ကြသည်”လို့ KNUက ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေရဲ့ အခြေအနေကို ထုတ်ပြန်ထားပါတယ်။

KNUအနေနဲ့ Shunda Park ငွေလိမ်ခြံဝင်းတွင်း မိမိသဘောနဲ့ ကျန်ရစ်နေထိုင်သူတွေနဲ့ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်စေဖို့၊ ပိုမိုပြင်းထန်လာတဲ့ စစ်ပွဲရဲ့ ဒဏ်ကို ခံစားနေရတဲ့ ထိုင်း – မြန်မာနယ်စပ် နှစ်ဖက်စလုံးမှ အရပ်သားပြည်သူတွေ အပါအဝင် Shunda Park ခြံဝင်းအတွင်းရှိနေသူများရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားကာကွယ်စောင့်ရှောက်ဖို့ အလို့ငှါ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ဆက်လက်လုပ်ဆောင်သွားဖို့ အာဏာအပ်နှင်းလိုက်ကြောင်းလည်း အသိပေးခဲ့ပါတယ်။

ဒီလို ဆုံးဖြတ်တာဟာ အဲဒီဒေသမှာ လတ်တလော ဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ မြေပြင် လုံခြုံရေးဆိုင်ရာ အရေးပေါ်လိုအပ်မှုအပေါ် အပေါ်အခြေခံပြီး အရပ်ဖက်နဲ့ စစ်ဘက်ခေါင်းဆောင်များ သေချာစွာ ချင့်ချိန်သုံးသပ် ချမှတ်ခဲ့တာလို့ KNUက ထုတ်ပြန်ပါတယ်။

ငွေလိမ်ခြံဝင်း Shunda Parkနဲ့ မင်းလက်ပံ မြေပြင်လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာမှုကို KNUက အသိပေးခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၆ရက်မနက်မှာ တပ်မ(၂၂) လက်အောက်ခံတပ်က ပစ်တဲ့ ၆၀ မမ လက်နက်ကြီး ၂လုံး ငွေလိမ်ခြံဝင်းတွင်း တည့်တည့်ကျရောက်ခဲ့လို့ KNU ရဲ့ မြေပြင်အရပ်သား အကဲဖြတ် အဖွဲ့ဝင်တွေ အပါအဝင် အချို့ ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်ဘက်က Shunda Park ရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ KNLA မြေပြင် တပ်မှူးတွေက မှတ်ချက်ပြုကြောင်း ထုတ်ပြန်ပါတယ်။

မနေ့ကလည်း အာဏာသိမ်းစစ်တပ်ဟာ မင်းလက်ပံဒေသသို့ လက်နက်ကြီးအမြောက်အလုံးပေါင်း (၇) လုံးထက် မနည်း ပစ်ခတ်ခဲ့ရာ ၃လုံးဟာ သောင်ရင်းမြစ်တစ်ဖက်ခြမ်း ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အရပ်သားများ ဒဏ်ရာရရှိခဲ့တာ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။လက်နက်ကြီး ၄လုံးဟာ သောင်ရင်းမြစ်ကမ်းပေါ်သို့ကျ ရောက်ခဲ့တာလို့ အသိပေးပါတယ်။

ဒီဇင်ဘာ ၃ရက်ကလည်း မင်းလက်ပံဒေသအနီး တိုက်ပွဲက လွင့်စင်လာတဲ့ ဗုံးဆန်နဲ့ ကျည်တွေ ကြောင့် ထိုင်းဘက်ခြမ်းက နေအိမ် ၉လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအခြေဆိုးလာလို့ ထိုင်းအာဏာပိုင်တွေက စာသင် ကျောင်းအချို့ကို ပိတ်ခဲ့ပြီး မဲဆောက်ရှိ ထိုင်း – မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်ကို (၇) ရက်ကြာ ပိတ်သိမ်း ကြောင်းကြေညာခဲ့ပါတယ်။မြန်မာဘက်ခြမ်း မင်းလက်ပံဒေသရှိ ရပ်ရွာလူထု တစ်ရပ်လုံးဟာလည်း စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရကြောင်း KNUက အသိပေးပါတယ်။

နိုဝင်ဘာ ၂၁ရက်က Shunda Park ငွေလိမ်ခြံဝင်းကို KNU တပ်များ စတင်ထိန်း သိမ်းပြီးကတည်းက အာဏာသိမ်းစစ်တပ်က ငွေလိမ်ခြံဝင်းအနီး လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၃၀ရက်မှာ လက်နက်ကြီး ၁လုံး ခြံဝင်းအတွင်း ကျရောက်ကာ လက်နက်ကြီး ၃လုံးက ခြံဝင်းမှ နေရပ်ပြန်ရန်ထွက်ခွါလာသူတွေ ယာယီခိုလှုံရာ သောင်ရင်းမြစ် ကမ်းပေါ် ကျခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ဖြစ်စဉ်တွေမှာတော့ ပျက်စီးထိခိုက်မှု မရှိခဲ့ပါဘူး။

ဒါအပြင် ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေကို ကိုင်တွယ်ရေးကိစ္စအတွက် နိုင်ငံတကာရဲ့ တုံ့ပြန်မှု နှေးကွေးကြောင်းလည်း KNUက ဖော်ပြပါတယ်။

ငွေလိမ်ခြံဝင်းမှ ကျန်ရှိရာဇဝတ်သားဟု သံသယ ရှိသူများကို ဖယ်ရှားနိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံတကာ အာဏာပိုင်တွေထံ သီး သန့်ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ကြောင်းလည်း KNUက အသိပေးပါတယ်။

“၎င်းတို့ကို စနစ်တကျ ခေါ်ထုတ်နိုင်ရေးအတွက် အဆင့် မြင့် လေ့ကျင့်ထားသော တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဝန်ထမ်းများမှ အင်အားသုံးရန် လိုအပ်သည့် အဆင့် သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ၎င်းသည် KNU ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း တင်ပြ ခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ ပိုမိုဆိုးရွားလာသော လုံခြုံရေးအခြေအနေတွင် သက်ဆိုင်ရာ နိုင်ငံတကာ အာဏာ ပိုင်များ၏ အချိန်မီပူးပေါင်းဆောင်ရွက်မှု မရှိပါက ရာဇဝတ်သားဟု သံသယရှိသူများကို တရားခွင်သို့ ခေါ် ဆောင်လာနိုင်မည့် အခွင့်အရေးသည်ဆုံးရှုံးပြီး၊ ပြန်လည်ရရှိရန် မလွယ်တော့သည့်အကြောင်းကို သက် ဆိုင်ရာ နိုင်ငံတကာ အာဏာပိုင်များ ထံသို့ သီးသန့် အကြောင်းကြားခဲ့ပြီးဖြစ်သည်”လို့လည်း KNUက ထုတ်ပြန်ပါတယ်။

ထွက်ခွါလိုသော Scam လုပ်သားများကယ်ဆယ်ရေးလုပ်ငန်းများ၊ ငွေလိမ်လုပ်ငန်းများရပ်တန့်ရေးနဲ့ သက် သေခံပစ္စည်းများ သိမ်းယူခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေတွေကိုလည်း အသိပေးပါတယ်။

မနေ့က ဒီဇင်ဘာ ၅ရက်မှာ Shunda Park တွင်းမှ ထွက်ခွာလိုသူ နောက်ထပ် (၂၅) ဦးကို သောင်ရင်းမြစ်ကမ်းကို ဘေးကင်းစွာခေါ်ထုတ်ပေးခဲ့တာကြောင့် စာရင်းကောက်ယူထားတဲ့ ခြံဝင်းအတွင်းရှိသူ ၃,၅၈၂ ဦး အနက် ၂၆၆၅ ဦးကို ငွေလိမ်ခြံဝင်းကနေ ဘေးကင်းဏွာ ရွှေ့ပြောင်း ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီအထဲက နိုင်ငံခြားသား ၂ဝ၂ဦး သောင်ရင်းမြစ်မှာ စောင့်ဆိုင်းနေဆဲဖြစ်ပြီး သူတို့ကို KNU က နေ့စဉ် အစားအသောက် စီစဉ်ပေးသလို ငွေလိမ်ခြံဝင်းမှာ ကျန်နေသူတွေအတွက်လည်း ထမင်းထုပ်များကို တစ်နေ့လျှင် နှစ်ကြိမ် (တစ်ကြိမ်လျှင် လူ ၈၀၀ စာ) စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

KNU မြေပြင်အဖွဲ့မှလည်း IT ပစ္စည်းကိရိယာ ရှာဖွေတွေ့ရှိသမျှကို ဖြုတ်သိမ်းနိုင်ပြီးဖြစ်လို့ Shunda Park မှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအားလုံးဟာ လုံး၀ ရပ်တန့်သွားပြီဖြစ်ကြောင်း၊ သိမ်းယူထားသော သက်သေခံပစ္စည်းတွေကိုလည်း နောက်ပိုင်းမှာ စနစ်တကျစုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ဖို့ ငွေလိမ်ခြံဝင်း ပြင်ပသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ