ဒီဇင်ဘာ ၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ညောင်ပင်သာကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက်(၇၀) အဘိုးအိုတစ်ဦး အပါအဝင် ၂ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃ရက်မှာ စစ်ကောင်စီရဲ့ ခလရ(၇၃)တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာရွာအတွင်း ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် (၃၃)နှစ်အရွယ် အမျိုးသား တစ်ဦး၊ (၇၀) အရွယ် အဘိုးအို တစ်ဦး သေဆုံးကာ (၁၆)နှစ်အရွယ်ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၈ရက်ကလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တမောမရွာက အသက် ၇၀ အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။
နိုဝင်ဘာ ၂၇ရက်ကလည်း ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ပစ်ခတ်မှု ပြုလုပ်ခဲ့လို့ နေအိမ် ၄၄လုံး ထိမှန်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ နတ်သံကွင်း – ကျောက်ကြီး ကားလမ်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားသုံးထိုးစစ်ဆင်လျက်ရှိရာ လက်နက်ကြီး၊ဒရုန်း၊ဂျန်ရှိမော်တာတွေနဲ့ နေ့စဉ် ပစ်ခတ်နေပြီး ပစ်ခတ်မှုကြောင့် ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။


















































