ဒီဇင်ဘာ-၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring
မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့ မြစ်ဆုံရွာ ဆီဆိုင်အနီးကို ဒီနေ့ မနက် ၉နာရီခန့်မှာ စစ်ကောင်စီက ဗုံးကြဲတာပါ။
“တချို့ဆိုညနေမှ အလောင်းတွေ့တာ။ လေယာဥ်က နှစ်ခေါက်လာတာ။ ပထမတခေါက်မှာ ထိတဲ့လူတွေကို ကူနေတုန်း လာပစ်တော့ ထပ်ထိကုန်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးက လေထဲမှာ အရင်ကွဲပြီး အောက်မှာလည်း အများကြီးကွဲတာ။ ဒါကြောင့် သေဆုံးတာများကုန်တာ”လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။
ဒီနေ့ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရောမဟုတ်ဘူးလို့ သိရပါတယ်။
ဒီနေ့ညပိုင်းမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြပါတယ်။
မိုးမိတ်မြို့ဟာ တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့တာပါ။


















































