ဒီဇင်ဘာ-၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ပြည်သူလူထုတရပ်လုံးအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင် အားစုတွေနဲ့ အတူ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ စစ်တပ်ပြုတ်ကျပြီး အာဏာရှင်ဟူသမျှ ကျဆုံးတဲ့အထိ စည်းလုံးညီညွတ်တဲ့စုပေါင်းအားနဲ့ အားသွန်ခွန်စိုက် ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရမှာ ဖြစ်ကြောင်း တအာင်းပြည်ကောင်စီ(TLC)က တအာင်းနှစ်သစ်ကူး ကြိုဆိုတဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၇ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၂၇၁၇)ပြည့်နှစ် တအာင်းနှစ်သစ်ကူး အခါသမအတွက် တအာင်းတပ်မတော်(PSLF/TNLA)၊ တအာင်းနိုင်ငံရေးပါတီနဲ့ တအာင်းအရပ်ဘက်အဖွဲ့ တာဝန်ရှိသူတွေ နဲ့ စုဖွဲ့ထားတဲ့ တအာင်းပြည်ကောင်စီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာပါ။
“၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မယ့် တအာင်းနှစ်သစ်ကူးမင်္ဂလာအချိန်မှစပြီး စစ်ဘေး၊ သဘောဝဘေးမှ ကင်းဝေးပြီး မိမိတို့ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကိုဦးတည်သည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေး၊ တိုင်းရင်းသားအားလုံးအတူတကွ ယှဉ်တွဲနေထိုင်ရေးနှင့် တအာင်းလူမျိုးတို့၏မျှော်မှန်းချက်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် တအာင်းပြည်တည်ဆောက်ရေးကို ကြိုးပမ်းအားထုတ်နိုင်ပါစေ” ဟုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement
တအာင်းပြည်ကောင်စီ အဖွဲ့ဝင် TNLAဟာ တရုတ်အစိုးရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားရပေမယ့် တအာင်းပြည်ရဲ့ တော်လှန်ရေးကာလ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင် အဖွဲ့ဖြစ်တဲ့ တအာင်းပြည်ကောင်စီက စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့၊ စစ်တပ် ပြုတ်ကျအောင် ဝိုင်းတော်လှန်ဖို့ သဘောထား ဖော်ပြခဲ့တာပါ။
တအာင်းပြည်ကောင်စီ ဥက္ကဋ္ဌဟာ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကပျော်ရွှင်ဖွယ်တအာင်းနှစ်သစ်ကူးလို့ရေးသားကာ စည်းလုံးခြင်းဟာ အင်အားဖြစ်ကြောင်း ဒီဇင်ဘာ ၅ရက်ညပိုင်းမှာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

















































