ဒီဇင်ဘာ-၆၊၂၀၂၅ ၊မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊မော်လိုက်မြို့အနီးက မော်လိုက်ကလေးရွာကို စစ်ကောင်စီက မီးရှို့နေတယ်လို့ ဒေသခံသတင်းရင်း Mawlaik Revolutions တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၆ရက်)က မော်လိုက်မြို့အခြေစိုက် ခမရ(၃၆၄၊၃၆၅၊၃၆၆)တပ်ရင်းတွေနဲ့ ကင်းတပ်ရွာကပျူစောထီးတွေ ပူးပေါင်းပြီး မော်လိုက်ကလေးရွာကို မီးရှို့နေတာလို့ ဆိုပါတယ်။
အဲဒီ မော်လိုက်ကလေးရွာဟာ မော်လိုက်မြို့နဲ့ (၄)မိုင်ဝန်းကျင်သာကွာဝေးပြီး ဒေသခံတွေက စစ်ရှောင်နေကြရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“မော်လိုက်ကလေးရွာရဲ့ အိမ်ခြေက ၂၅၀နဲ့ ၃၀၀ ကြားရှိတယ်။အခု စကစမီးရှို့တာက ရွာရဲ့ တောင်ပိုင်းဘက်ကို ရှို့တာ အဲဒီမှာက အိမ် ၆၀လောက်ရှိတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုက ပြည်သူနေအိမ်တွေရဲ့ ပစ္စည်းတွေကို ယူဆောင်ပြီးမှနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိမှာ ကလေးမြို့နယ် အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ဒုတိယအကြီးအကဲက မော်လိုက်မြို့ ကိုရောက်ရှိနေတယ်လို့ Mawlaik Revolutionsက ထုတ်ပြန်ထားပါတယ်။
အဲဒါအပြင် မော်လိုက်မြို့ပေါ်မှာ စစ်ကောင်စီက စစ်ရေးမြှင့်တင်မှုတွေလုပ်နေပြီး အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ကာကွယ်ရေးတပ်တွေက သိမ်းငှက်စစ်ဆင်ရေးနဲ့ မော်လိုက်ခရိုင်ထဲမှာ အခုနှစ် သြဂုတ်ကစတင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီး စခန်းရှစ်ခုနဲ့ ကျေးရွာ(၁၇)ရွာကို စိုးမိုးထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းချိန်နဲ့ ပြည်သူလူထု စစ်ဘေးရှောင်ရတဲ့ အခက်ခဲတွေကြောင့် သိမ်းငှက်စစ်ဆင်ရေးထိုးစစ်ကို အရက်အကန့်သတ်မရှိ ရပ်တန့်ထားပါတယ်။

















































