ဒီဇင်ဘာ-၇၊၂၀၂၅။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာလမ်းပိုင်းစစ်ဆေးနေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီယာဥ် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နတ်မောက်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီခွဲခန့်က နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း၊ ဥယျာဉ်လမ်းပေါက်အနီးမှာ တောာ်လှန်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးနေချိန် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဥ်နဲ့တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နတ်မောက်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အင်အားခန့်မှန်း ၁၅ နဲ့ ၂၀ကြားပါ။ အချိန်က ဆယ်ငါးမိနစ်ကနေ နှစ်ဆယ်ကြားကြာတယ်။ အနောက်ဘက်ကနေ အရှေ့ဘက်ကိုကင်းချိန်းသွားတာပါ။”လို့ ၎င်းကပြောပါတယ်။

Public Service Announcement
စစ်သားတွေပါတဲ့ယာဥ်ဟာ ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် မောင်းပြေးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ ကားပေါ်ပါ စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်းနတ်မောက်ပကဖကအသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက်ပကဖနဲ့ Aung San’s Land Natmauk မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက နတ်မောက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေ ပြောပါတယ်။


















































