ပြည်တွင်းစစ် ဖြစ်ပွားနေရာ ဆူဒန်နိုင်ငံမှာ မူကြိုကျောင်း တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် အများအပြား အပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ တိုက်ခိုက်မှုကို ဆူဒန် စစ်တပ်နဲ့ စစ်ခင်းနေတဲ့ အရန်တပ်ဖွဲ့ (RSF)က ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ RSFကတော့ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဆူဒန်မှာ အရင်က မဟာမိတ်တွေ ဖြစ်ခဲ့ဖူးတဲ့ စစ်တပ်နဲ့ RSFဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလကစလို့ အပြင်းအထန် စစ်ခင်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ကတော့ ဆူဒန်နိုင်ငံတောင်ပိုင်း၊ ကိုလာဂီမြို့က မူကြိုကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ကလေး ၃၃ ဦး အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကို RSFက ကျူးလွန်တယ်လို့ ဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဆူဒန် ဆရာဝန်များကွန်ရက် (SDN)နဲ့ စစ်တပ်က အသီးသီး စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
RSFက အဲဒီကိစ္စကို တိတိကျကျ မဖြေရှင်းသေးပေမယ့် ဒီဇင်ဘာ ၅ ရက်နေ့တုန်းက ဒါဖာမှာရှိတဲ့ စျေးတစ်ခုနဲ့ အာဒါ နယ်စပ်ဂိတ်နားက ဆီလှောင်ကန် တစ်ခုကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။
ဆူဒန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီမူကြိုကျောင်းဟာ ဒရုန်းကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေ နှစ်ကြိမ် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ တိုက်ခိုက်မှုအပြီး အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ အရပ်သားတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီ (ယူနီဆက်ဖ်)ရဲ့ တာဝန်ရှိသူ တစ်ယောက်က ကလေးတွေကို သူတို့ရဲ့ ကျောင်းထဲမှာတင် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်ဟာ ကလေးအခွင့်အရေးတွေအပေါ် ဆိုးဆိုးရွားရွား ချိုးဖောက်မှုလို့ ဝေဖန်ခဲ့ပါတယ်။ စစ်ရေး ပဋိပက္ခတွေမှာ ကလေးတွေဟာ ကြားခံ သားကောင် လုံးဝ မဖြစ်သင့်ဘူးလို့လည်း ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှယ်လ်ဒန် ယတ်ထ်က ပြောပါတယ်။
တစ်ဖက်မှာလည်း RSF စွပ်စွဲတဲ့အတိုင်း စစ်တပ်ဟာ စျေးတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက အတည်ပြုထားပြီး အရပ်သား သေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆူဒန် စစ်တပ်ကတော့ ဒီကိစ္စကို မှတ်ချက်မပေးသေးပါဘူး။
ဆူဒန်မှာ ပြိုင်ဘက် အင်အားစု နှစ်ခုဟာ ခေါ်ဒိုဖန်စ် ဒေသကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် စစ်ခင်းနေသလို စစ်တပ်က ဒါဖာမြို့ဆီ ချီတက်ဖို့လည်း အရှိန်အဟုန်မြှင့် ကြိုးစားနေပါတယ်။ ခေါ်ဒိုဖန်စ်မှာ လူဦးရေ ၈ သန်းလောက် နေထိုင်ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
















































