ဒီဇင်ဘာ-၇၊၂၀၂၅။မိထက်/People’s Spring
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာကြောင့်သေဆုံးသွားပါတယ်။
ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ဒီနေ့ဒီဇင်ဘာလ၇ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။
“ မနက် ၃နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။လူတွေမရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်ခေါင်ကနေ မနက် ၃နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက်၆နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။
လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ၂ဦးစလုံးသေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
ရန်ကုန်-မန္တလေးလမ်းဟောင်းဟာ ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာ ခရီးသွားကားတွေနဲ့ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ နေ့ရောညပါသွားလာနေခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ စစ်ဆေးမှုတွေနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် အသွားအလာနည်းသွားခဲ့တာဖြစ်ပါတာ်။
ဒီနေ့မနက် အစောပိုင်းမှာဖြစ်ပွားတဲ့ လမ်းဘေးသစ်ပင်ကိုကားဝင်တိုက်ပြီး လူသေဆုံးမှုနဲ့ပတ်သက်ပြီး နေပြည် တော်က လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက” အချိန်မီသိရင်ကယ်နိုင်မှာပါ” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျဆင်းမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ အထွေထွေအကြပ်အတည်းကြုံနေသလို တရားဥပဒေမစိုးမိုးမရှိတာကြောင့် ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့်နေပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ယခင်ကလိုစည်ကားမှုမရှိတော့ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။

















































