ဒီဇင်ဘာ-၇၊ ၂၀၂၅။ဆန်အောင်/People’s Spring
ကိုယ်ကျိုးရှာချင်တဲ့သူတွေ အမြတ်ထုတ်ချင်တဲ့သူတွေနဲ့ ပေါက်ကရလုပ်ချင်တဲ့ သူတွေအကုန်လုံး တော်လှန်ရေးထဲမှာပါဝင်မလာစေဖို့ တော်လှန်ရေးဘေးထွက်သွားအောင် လုပ်ဖို့ဆိုတာဟာတော်လှန်ရေးရဲ့ တာဝန်ဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ဒီဇင်ဘာ ၆ရက်က ကျင်းပတဲ့ ချင်းညီနောင်အတွက် ရံပုံငွေ ရှာဖွေပွဲမှာ ဆလိုင်းယောမာန်က လက်ရှိ တော်လှန်ရေး အခြေအနေတွေအပေါ် သုံးသပ်ရာမှာ အခုလို ပြောကြားခဲ့တာပါ။
လက်ရှိ တော်လှန်ရေးက နေရာအမျိုးမျိုးမှာ နိုင်ငံအနှံ့အပြားမှာ ဖြစ်နေတာဖြစ်သလို နေရာအမျိုးမျိုးမှာ တော်လှန်ရေး အဆင့်အမျိုးမျိုး ရောက်နေတယ်လို့ ပြောရကြောင်းဆလိုင်းယောမာန်က သုံးသပ်ပါတယ်။တော်လှန်ရေးအဆင့်ဟာတနေရာနဲ့ တနေရာ မတူညီဟုလည်း သူက ပြောပါတယ်။

Public Service Announcement
တနင်္သာရီဘက် အခြေအနေနဲ့ ချင်းဘက်၊ ကရင်နီဘက် အညာဘက်၊ ရှမ်းမြောက်ဘက်က တော်လှန်ရေး အခြေအနေတွေ မတူညီဟု ဥပမာပေး ပြောပြပါတယ်။
“ကျနော်တို့အားလုံးနားလည်ရမှာက တော်လှန်ရေးသည် ရှေ့ဆက်နေတာတွေ ပြောင်းလဲနေတာတွေ တိုးတက်လာတာတွေအများကြီးရှိတယ်။ ဆုတ်ယုတ်တာလည်းအများကြီးရှိတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ပုပ်တဲ့အသီးတွေကြွေမှာဖြစ်လို့အသီးတွေကြွေတိုင်း ဝမ်းနည်းတာမျိုး မဖြစ်ဖို့လိုတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ပုပ်တဲ့အသီးကိုကြွေအောင်လုပ်ရမှာကိုက တော်လှန်ရေးရဲ့ တာဝန်ပဲ။ ဒါကိုယ်ကျိုးရှာ တော်လှန်ရေးမှ မဟုတ်တာကိုး။ အဖွဲ့အစည်း အကျိုးရှာတဲ့ တော်လှန်ရေးလည်းမဟုတ်ဘူးလေ” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
နောင်ချို ၊ ကျောက်မဲ စတဲ့နေရာတွေ စစ်ကောင်စီတပ် ဝင်ရောက်ယူနိုင်တာကို ပြောဆိုနေကြတာ ရှိပေမယ့် တဖက်မှာလည်း အညာဒေသဟာ အရင်နဲ့မတူဘဲ စစ်ကောင်စီတပ်တွေကို စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်တွေ့လာရကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။
“ဒါတွေကဘယ်လောက်တောင်မှတိုးတက်မှုရှိလာသလဲ။ “ လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
လက်ရှိ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီချက်အရ TNLA တပ်ဆုတ်သွားတဲ့ မိုးကုတ်မှာတောင် မိုးကုတ် PDF က စစ်ကောင်စီတပ် အထိနာအောင်တိုက်ခိုက်ပြီး တပ်စခန်းကုန်း အချို့ကို သိမ်းထားတာရှိတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
အမြဲတမ်း တော်လှန်ရေး ဗိုက်တာမင် အားဆေးတွေပဲ စားနေလို့မရကြောင်းနဲ့ Motivation ရှာတဲ့ တော်လှန်ရေးနဲ့ ဆက်သွားလို့မရကြောင်းလည်း ဆလိုင်းယောမာန်က ပြောပါတယ်။
“ရလဒ်ကို ဖန်တီးတဲ့ ရလဒ် ပေါ်ပေါက်လာအောင် ကြိုးစား အားထုတ်တဲ့ တာဝန်ယူတက်တဲ့ တော်လှန်ရေးနဲ့ ဆက်သွားရမှာပဲ” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ခံစားချက်တော်လှန်ရေးကနေ ခံယူချက် တော်လှန်ရေးဖြစ်လာဖို့လိုအပ်ကြောင်းလည်း ဆလိုင်းယောမာန်က ပြောကြားပါတယ်။

















































