ဒီဇင်ဘာ-၇၊၂၀၂၅။ဟာနာဆန်/People’s Spring
ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို အကြမ်းဖက်စစ်အုပ်စုလေကြောင်းတိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးပြီး အယောက် ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းကဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗုံး ၂ လုံး ကြဲချမှုကြောင့် ကလေး ကျား ၁ ဦး၊ CDM ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသား ၁၄ ဦး၊ CDM ကျောင်းဆရာမ တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၈ ဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲအချိန်ထိရရှိထားတဲ့အချက်အလက်ကို အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရွာအရှေ့ဘက်ရှိ အာဆီယံဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားနေတဲ့ မြန်မာအမျိုးသမီးအသင်းနဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ရဲ့ပွဲအား ကြည့်ရှုအားပေးနေတဲ့ လက်ဖက်ရည်ဆိုင်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၉ လုံး၊ မော်တော်ကား ၁ စီး၊ ထော်လာဂျီ ၁ စီးနဲ့ မော်တော်ဆိုင်ကယ် ၁၀ စီးတို့ လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆက်ပြီးအသိပေးပါတယ်။
အများပြည်သူ အပန်းဖြေရာနေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြေခံအကျဆုံး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မရကန်ရွာက ဒေသခံပြည်သူ ၃ ပုံ ၂ ပုံခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ ချက်ချင်းထွက်ပြေးရလို့ သွားလာရေးအဆင်မပြေဘူးလို့ သိရပါတယ်။
လက်ရှိအချိန်ဟာ ဒီဇင်ဘာ ၁၀ နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် အကြိုလှုပ်ရှားမှုတွေပြုလုပ်နေချိန်ဖြစ်ပြီးစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်တောင်းဆိုမှုတွေပြုလုပ်နေချိန်မှာပဲအခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေထပ်မံကြုံတွေ့ရတာဖြစ်ကြောင်းရှင်းလင်းပါတယ်။
စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲတရပ်ကိုပြုလုပ်ဖို့ပြင်ဆင်နေချိန်ဖြစ်ပြီး တဖက်မှာလည်း ပြည်သူတွေကိုအကြမ်းဖက်မှုတွေကိုလည်း အဆက်မပြတ်ကျူးလွန်နေတယ်လို့လည်း ထပ်မံအသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအတွက် သက်သေမှတ်တမ်းတွေကို စုဆောင်းပြီး အကြမ်းဖက်စစ်အုပ်စုကိုအရေးယူနိုင်ဖို့နဲ့ တရားမျှတမှုရဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေအဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီပဲယင်းမြို့နယ်၊မရကန်ကျေးရွာမှ လက်ရှိ သေဆုံးအတည်ပြုထားသည့် စာရင်းကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားရာ သေဆုံးသူများမှာ
(၁)ဦးလင်းအောင် (ဘ) ဦးဖိုးစိန် ၅၀ နှစ်
(၂)ဒေါ်ဌေးစီ (ဘ ) ဦးရေလှ ၅၃ နှစ်
(၃) ကိုဖြိုးဝေအောင် ( ဘ) ဦးလင်းအောင် ၂၂ နှစ်
(၄)သန်းဇော်ဦး ဒိုင်နတ် ကျေးရွာ (ဘ ) စုံစမ်းဆဲ
(၅)ဦးတင်ရွှေ ( ဘ ) စုံစမ်းဆဲ ၇၇ နှစ်
(၆)ဒေါ်ခင်မာအေး (ဘ ) ဦးမှတ်ဌေး ၅၇ နှစ်
(၇) ကိုဝေယံစိုး (ဘ ) ဦး ကံ ညွှန့် ၃၈ နှစ်
(၈)ကိုဖိုးနီ ( ဘ) ဦးမှတ်ရှိန် ၄၄ နှစ်
(၉)ဦး ကံဌေး (ဘ ) ဦးရေလှ ၅၆ နှစ်
(၁၀)ဦးမြတ်ရှိန်း (ဘ ) ဦးထွန်းသာ ၇၂ နှစ်
(၁၁)ဦးညဏ်ပို (ဘ )စုံစမ်းဆဲ ၇၅ နှစ်
(၁၂)ရဲထက် (ဘ) ဦးနိုင်ဝင်း ၃၃ နှစ်
(၁၃)ကိုဇော်ဌေး (ဘ ) ဦးဝင်းဗိုလ် ၄၄ နှစ်
(၁၄)ပူတူး ( ဘ) ဦးမြင့်အောင် ၃၇ နှစ်
(၁၅)ခန့်ဇေယျာအောင် (ဘ ) ဦးပူတူး ၅ နှစ်
(၁၆)ဦးကျော်မြင့် ( ဘ ) ဦးဘိုတင် ၅၉ နှစ်
(၁၇)ဦးမြင့်သောင်း (ဘ ) ဦးချစ်ခင် ၅၇ နှစ်
(၁၈)ဒေါ်ခင်မော် (ဘ ) ဦးဌေးမောင် ၅၇ နှစ်
တို့ဖြစ်ကြောင်း သိရပါတယ်။





















































