ဒီဇင်ဘာ-၈၊၂၀၂၅။သတိုး/People’s Spring
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်မှုတွေ ကြုံလာရင် မြို့ပြကြွက် Networkကို တိုင်ကြားနိုင်တယ်လို့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
“ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် အတင်းအကျပ်ပါဝင်စေခိုင်းခြင်း ၊ ခြိမ်းခြောက်ခံရခြင်း ၊ မတရားဖိနှိပ်ခံရခြင်းတို့ကြုံတွေ့ရပါက မြို့ပြကြွက်များထံသို့ သတင်းအချက်အလက် များ ပေးပို့ခြင်းဖြင့် အာဏာရှင်လက်ပါးစေများအား ထိရောက်စွာအရေးယူနိုင်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။” လို့ ထုတ်ပြန်ထားပါတယ်။
ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအပေါ် သေချာစိစစ်ပြီး ပြင်းပြင်းထန်ထန်အရေးယူရမယ့်သူတွေကို အဓိက အရေးယူသွားမှာဖြစ်ပြီး အခြားပါဝင်ပတ်သက်သူတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ပြည်သူတွေအပေါ် မတရားမှုတွေ ကျူးလွန်ထားတဲ့ စစ်ကောင်စီက သူတို့ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေ တရားဝင်ဖြစ်စေဖို့
ရွေးကောက်ပွဲကို အယောင်ပြလုပ်ဆောင်နေတာဖြစ်ပြီး မြို့ပြကြွက်အနေနဲ့ ဆန့်ကျင်ထားသလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မပါဝင်ဖို့လည်း အကြိမ်ကြိမ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ ကိုမဖြစ်မနေပြု လုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲမှာမဲမထည့်ချင်တဲ့ ပြည်သူတွေ ၊ ဝါဒဖြန့်မပေးသူတွေကိုလည်း ရန်သူသဖွယ်လုပ်ဆောင်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
မြို့ပြကြွက်အဖွဲ့က ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက်လုပ်ဆောင်နေတဲ့ စစ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ အဖွဲ့ပါ။
ဒီဇင်ဘာ ၆ ရက်ညကလည်း စစ်ကောင်စီတပ်စွဲထားတဲ့ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို မြို့ပြကြွက်အဖွဲ့က လက်လုပ်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်မှုပြုလုပ်ထားပါတယ်။
အဲဒီ့မစ်ရှင်က ဒီဇင်ဘာ ၁၀ ရက်မှာပြုလုပ်မယ့် အသံပိတ်သပိတ်မှာ ပြည်သူတွေပါဝင်နိုင်ဖို့ နှိုးဆော်ပေးတာလို့ မြို့ပြကြွက်အဖွဲ့ရဲ့ တာဝန်ရှိသူကပြောထားပါတယ်။
















































