ဒီဇင်ဘာ ၈၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြည်ပရောက်မြန်မာတွေက စုပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ “ အတုအ ယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲ” ကို ဒီကနေ့ (ဒီဇင်ဘာ ၈)မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို တောင်ကိုရီးယားရှိ တော်လှန်ရေးထောက်ခံတဲ့အဖွဲ့ ၃၉ ဖွဲ့ပါဝင်တဲ့ “ စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” က ဆောင်ရွက်ခဲ့ကြတာပါ။
ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကြိုတင်ဆန္ဒမဲပေးဖို့ ထုတ်ပြန်ထားပြီး တောင်ကိုရီးယားရှိ မြန်မာအင်အားစုများက သပိတ်မှောက်ထားသဖြင့် မဲပေးမယ့်သူ မရှိသလောက်ဖြစ်နေကြောင်း သပိတ်အဖွဲ့တွေက ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီသံရုံးက ရွေးကောက်ပွဲကြိုတင်မဲပေးရန် ဒီဇင်ဘာ ၈ ရက်ကနေ ဒီဇင်ဘာ ၁၂ရက်အထိ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာထားပါတယ်။
တောင်ကိုရီးယားရှိ တော်လှန်ရေးအင်အားစုတွေက ဆက်လက် သပိတ်မှောက်သွားမည်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကေင်စီရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးဖို့နဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့ မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမျှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင် ကန့်ကွက်ဖို့လည်း ကိုရီးယားအစိုးရနဲ့ ပြည်သူတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။
“ တောင်ကိုရီးယားက မြန်မာသံရုံးမှာ စနေ၊ တနင်္ဂနွေ မဲပေးကြဖို့ ကြေငြာထားပါတယ် သို့သော် မဲလာပေးတဲ့သူက မရှိသလောက်ပါပဲ။ ဆန္ဒပြတဲ့သူက စနေနေ့မှာ သံရုံးအနီး လူ၂၀ ဝန်းကျင်နဲ့ တနင်္ဂနွေနေ့မှာ သံရုံးအနီး လူ၇၀ ဝန်းကျင်လောက် ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ တနင်္ဂနွေနေ့ ဒယ်ဂူးမြို့မှာတော့ လူ ၃၀၀ ကျော်က အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ” လို့ တောင်ကိုရီးယားသပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။



















































