ဒီဇင်ဘာ-၈၊ ၂၀၂၅ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ထွန်စက် မောင်းပြန်လာတဲ့ တောင်သူ ၃ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ် လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်က ချောင်းဦးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့တဲ့ ရှမ်းထူးကျေးရွာက အသက်(၄၀) ဝန်းကျင် အမျိုးသား ၃ဦးကို ဖမ်းဆီးသတ်ဖြတ် သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ ထွန်စက်မောင်းပြီးပြန်လာတော့ မိတာ။ သာမန်ပြည်သူတွေ။ တခါတည်းသတ်ပစ်လိုက်တာ။ သတ်တာကတော့ သူတို့စပြီးစစ်ကြောင်းထိုးတဲ့နေ့က သတ်သွားတာ။ သိတာကတော့မနေ့ကမှသိတာ။” လို့ ချောင်းဦးဆရာတော်က မိန့်ကြားပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျီးကုန်းကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ကားတွေနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံထားရတဲ့ ကျီးကုန်းကျေးရွာက ပြည်သူတွေဟာ လက်တလောတိမ်းရှောင်နေရပြီး စစ်ရှောင်ဦးရေ များလွန်းတာကြောင့် စားနပ်ရိက္ခာလိုအပ်မှုတွေ ရှိနေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျီးကုန်းရွာမှာ ရှိနေသေးလို့ မုံရွာ-မန္တလေးလမ်းမကြီး၊ ခင်မွန်-ချောင်းဆုံံ လမ်း၊ ချောင်းဦး-မယ့်သည်းကြိုးလမ်း၊ ချောင်းဦး -အမြင့်လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။



















































