Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်ကဗုံးကြဲလို့ မိသားစုဝင် ၃ဦး​သေဆုံး

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်နေတဲ့ ဖားကန့်မှာ ဒီနေ့မနက်အစောပိုင်းကလည်း ဒရုန်းနဲ့ဗုံးကြဲချလို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဖားကန့်ဒေသမှ အပျက်အစီးအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - Tarlin Mg/FB

ဒီဇင်ဘာ-၈၊ ၂၀၂၅။ အိမ်သွင်/People’s Spring

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်နေတဲ့ ဖားကန့်မှာ ဒီနေ့မနက်အစောပိုင်းကလည်း ဒရုန်းနဲ့ဗုံးကြဲချလို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၇ရက်ညဉ့်နက်ပိုင်းကနေ ဒီနေ့ဒီဇင်ဘာ ၈ရက် မနက်အစောပိုင်းအထိ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲသလို လက်နက်ကြီးနဲ့လည်းပစ်ခတ်နေခဲ့တာပါ။

ဒရုန်းနဲ့ ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မှော်စီစာအုပ်စု မလောင်ကျေးရွာက နေအိမ်နှစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦးရှိတဲ့အိမ်က သုံးဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“ အဖေရော အမေရော ကလေးတစ်ယောက်လည်းသေတယ်။ လွတ်လာတဲ့ကလေးက လသားအရွယ်လေး။ဒရုန်းကလိုက်ပျံဝဲပြီး ချတာ။လက်နက်ကြီးကလည်းပစ်တာ” လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက မလောင်ကျေးရွာအပြင် ဘေးပတ်ဝန်းကျင်ကျေးရွာတွေကိုပါ ဒရုန်းနဲ့ ဗုံး အလုံးရေ ၂၀ထက်မနည်း ကြဲခဲ့တာလို့သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ရက်က စစ်ကောင်စီအင်အား ၁၀၀ကျော်ဟာ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို ဝင်လာလို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ KPDF ရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဖားကန့်မှာ နိုဝင်ဘာ ၂၀ရက်ညဉ့်နက်ပိုင်းက စစ်ကောင်စီလက်နက်ကြီးတွေ ပစ်ခတ်လို့ ၂နှစ်အရွယ်ကလေး၁ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ရက်ကလည်း ဖားကန့်မြို့၊ ကထန်ကွက်သစ်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးမိခင်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၈ရက်ကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်တပ်က အခုရက်ပိုင်းမှာ ကချင်ပြည်နယ်​၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြလုပ်နေပါတယ်။

ဒီဇင်ဘာ ၅ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်မှာ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၁၉ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၆ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကို ဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့ပါတယ်။ မနေ့က ဒီဇင်ဘာ ၇ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကိုဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

လက်ရှိဖားကန့်ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)က သီးခြားသတင်းထုတ်ပြန်မထားပေမယ့် စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ သတိပေးထားပါတယ်။ တရားမဝင်ရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch-KHRWက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ