ဒီဇင်ဘာ-၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာဟာ တအာင်းတပ်မတော်(PSLF/TNLA) ရဲ့ တော်လှန်ရေးပန်းတိုင်၊မျှော်မှန်းချက်ကို ထိခိုက်စေမှာမဟုတ်ဘဲ ခရီးလမ်းဆုံးတဲ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။
PSLF/TNLA သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာလထုတ် စာစောင်ကို ဒီကနေ့(ဒီဇင်ဘာ ၈ရက်)ထုတ်ပြန်ခဲ့ရာ အယ်ဒီတာ့အာဘော်မှာ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အခုလို ရေးသားဖော်ပြတာပါ။
PSLF/TNLA ဟာ တအာင်းတမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်း ပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး ရရှိဖို့ တော်လှန်ရေး စတင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၂ နှစ် ရှိခဲ့ပြီလို့ဆိုပါတယ်။

Public Service Announcement
တော်လှန်ရေးအမြင့်ဆုံးပန်တိုင်ကို ၁၀၂၇စစ်ဆင်ရေးမှ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေးအောင်မြင်မှုနဲ့အတူ ၂၀၂၅ဖေဖော်ဝါရီလမှစတင်ကာ စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာ၊လက်နက်ကြီး ပစ်ခတ်တာ၊ တအာင်းပြည်ရှိ အရပ်သားပြည်သူလူထုများကို ဦးတည်ပြီး လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ပြည်သူများသေဆုံးတာ၊ ဘာသာရေးအဆောက်အအုံ၊ နေအိမ်၊ စာသင်ကျောင်းနဲ့ ဆေးရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
PSLF/TNLA ထိန်းချုပ်နယ်မြေမှာ အရပ်သားပြည်သူတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသက်ဘေးကင်းလုံခြုံမှု ပေးနိုင်ဖို့ စစ်ကောင်စီ တပ်နဲ့ အပစ်ခတ်ရပ်စဲရေးကို ရေးထိုးခဲ့ရဟု TNLAက ရှင်းပြထားပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး သဘောတူရာမှာ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ မိုးမိတ်ကနေ TNLA တပ်တွေ ဆုတ်ခွာရမယ်ဆိုပြီး သဘောတူညီခဲ့ရတာပါ။
မိုးမိတ် နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်ပေးရတဲ့အပေါ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က လွန်ခဲ့တဲ့ တပတ်လောက်က လူမှုကွန်ရက်မှာရေးသားဖော်ပြပါတယ်။
စစ်တပ်နဲ့ အပစ်ရပ်ခဲ့ရတာဟာ ကျည်၊ ဘတ်ဂျတ်မရှိ၊ စစ်အင်အားနည်းလို့ ဖြစ်ပြီး ပွဲမပြီးသေးကြောင်းလည်း ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်မှာရေးသးထားပါတယ်။
TNLAဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မဟာမိတ်တွေနဲ့ ပေါင်းပြီး စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့ ၁၂မြို့ကို သိမ်းပိုက်ခဲ့တာပါ။ ၂၀၂၅ မှာတော့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကနေ ဆုတ်ခွာခဲ့ပြီး အောက်တိုဘာလကုန်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးကာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာပါ။
အပစ်ရပ်သဘောတူညီချက်အရ TNLA တပ်တွေ ထွက်ခွာပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ် မိုးကုတ်နဲ့ မိုးမိတ်မြို့ ပြန်ဝင်လာချိန်မှာတော့ အခြားတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
မိုးကုတ်-မိုးမိတ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့သလို မိုးကုတ်မြို့ပြင်မှာလည်း စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒေသခံပြည်သူတွေကို လုံလောက်အောင် အသိပေးတာမျိုးမရှိပဲ စစ်တပ်ထဲလွှဲပေးခဲ့တဲ့အပေါ် ပြည်သူတွေက TNLAအပေါ် အပြင်းအထန်ဝေဖန်နေကြပါတယ်။ဒေသခံပြည်သူအများစုက စစ်တပ်ရန်ကြောက်တာကြောင့် မြို့က ရှောင်ပြေးနေကြရပါတယ်။
















































