နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ခ် ဖွန်ကတ်ကွမ်ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဆီဟာဆက်ခ်ရဲ့နေပြည်တော် ခရီးစဉ် အတောအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ထိုင်းစစ်တပ် အရာရှိကြီးတွေလည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဆီဟာဆက်ခ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီက ခန့်အပ်တဲ့ ဝန်ကြီးချုပ် ညိုစော၊ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးမှုတွေအတွင်း နှစ်ဖက် ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားဖို့၊ ကြုံလာတဲ့ စိန်ခေါ်မှုတွေကို အတူညှိနှိုင်း ဖြေရှင်းဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ထိုင်းအစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ်က စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ကရင်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေပြီး အကျိုးဆက် အနေနဲ့ နယ်စပ်တဖက်ခြမ်းက ထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေ၊ လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့ပါတယ်။
နယ်စပ်က လုံခြုံရေးဆိုင်ရာ စစ်ရေးအစီအမံတွေမှာ ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံမှုကို အထူးအလေးပေးဖို့ လိုအပ်ကြောင်း ဆီဟာဆက်ခ်က အာဏာသိမ်းစစ်တပ် အာဏာပိုင်တွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက် ဆွေးနွေးမှုတွေအတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက်လှုပ်ရှားမှုတွေကို ပိုမို ပူးပေါင်း နှိမ်နင်းဖို့လည်း သဘောတူညီခဲ့ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
နောက်ပြီး နှစ်နိုင်ငံလုံးကို ဖြတ်သန်း စီးဆင်းတဲ့ မြစ်တွေမှာ မြန်မာဖက်က အလွန်အကျွံ သတ္တုတူးဖော်မှုတွေကြောင့် ရေညစ်နွမ်းမှုတွေ ဖြစ်ပွားနေတဲ့ ကိစ္စကို ကိုင်တွယ်မယ့် လုပ်ငန်းအဖွဲ့ တစ်ခုကို နှစ်နိုင်ငံ အတူဖွဲ့စည်းဖို့လည်း ညှိနှိုင်းခဲ့ပါတယ်။
ဆီဟာဆက်ခ်က မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိုင်းက မယိမ်းမယိုင် ဆက်လက် အားပေးနေမှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီ အလိုကျ ကျင်းပမယ့် ရွေးကောက်ပွဲကနေ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်တွေအတွက် အထောက်အပံ့ ဖြစ်စေဖို့ ဆန္ဒပြုကြောင်းလည်း မင်းအောင်လှိုင်ကို ပြောကြားသွားခဲ့ပါတယ်။


















































