ဒီဇင်ဘာ – ၈၊၂၀၂၅ ၊ မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦး မြို့နယ်အတွင်းက လမ်းပိုင်းတွေကို လုံးဝအသုံးမပြုဖို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(ဒီဇင်ဘာ၈ရက်)မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးလိုအပ်ချက်အရ မုံရွာ-မန္တလေးလမ်းမကြီး၊ ခင်မွန်-ချောင်းဆုံံ လမ်း ၊ ချောင်းဦး-မယ့်သည်းကြိုးလမ်း နဲ့ ချောင်းဦး-အမြင့်လမ်းပိုင်းတွေကို မသုံးကြဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။
“စကစဘက်က အင်အားတိုးပြီး ရက်ရှည်စစ် ကြောင်းထိုးဖို့ ပြင်ဆင် နေတာရော နောက်တစ်ခုက သူတို့ရဲ့လှုပ်ရှားမှုကို ပိုပြီးတော့ ထောက်လှမ်းနိုင် အောင် လမ်းပိုင်းသတ်မှတ်ချက် တွေလုပ်လိုက်တာ”လို့ ချောင်းဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒီကနေ့(ဒီဇင်ဘာ ၈ ရက်)မနက်ပိုင်းက ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်ကို ရောက်လေ့ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပုံမှန်အင်အားထက် အခုလဆန်းပိုင်းကစပြီး အင်အားအများအပြားနဲ့ ရောက်နေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ချောင်းဦးမြို့နယ် အနောက်ဘက်ခြမ်းက အမြင့်ရွာနဲ့ မြောက်ဘက်ခြမ်းက ကျီကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အား ၄၀၀ထက်မနည်း ဝင်လာနေလို့ သိရပါတယ်။
“မုံရွာခရိုင်ထဲမှာဆို စကစက တခြားမြို့နယ်တွေမှာနယ်မြေရှင်းလင်းရေး လုပ်တာ ပြီးသွားပြီ။ကျန်နေတဲ့ ချောင်းဦးကို လာတယ်ပေါ့။နမခ ရဲ့အဝင် အထွက်လည်းဖြစ်နေတော့ ချောင်းဦးမြို့နယ်ကို အင်အားပိုသုံးတယ်လို့ ယူဆတယ်။စစ်ကြောင်းကလည်း ရက်ရှည်ထိုးမယ်လို့မြင်တယ်”လို့ စစ်ကိုင်း တိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ရေး အသိ၊သတိရှိကြဖို့ နဲ့ ကြိုတင်ပြင်ဆင်ကြဖို့လည်း ချောင်းဦးမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။


















































