■ပညာရေးနဲ့ ကျန်းမာရေး ဒုဝန်ကြီးတွေကို ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်၊ ဒုဝန်ကြီး၃ဦးကို ဝန်ကြီးဌာနပြောင်းရွှေ့တာဝန်ပေး
ဒီဇင်ဘာ-၈၊၂၀၂၅။ ဆန်အောင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးတာ အပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းရွှေ့ တာဝန်ပေးတာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့မှာထုတ်ပြန်ကြေညာပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အခုလို ဝန်ကြီး ဒုဝန်ကြီးတွေကို ပြောင်းရွှေ့တာဝန်ပေးအပ်တာလို့ CRPHက ဖော်ပြပါတယ်။

Public Service Announcement
ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ်တာဝန်ပေးခဲ့သလို အရင် ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။
ဒါ့အပြင် အရင် ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ရွှေပုံကိုလည်းကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အရင်က ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် လည်းကောင်း၊ အရင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင် ကိုလည်း နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးပါတယ်။
အလားတူအရင်က အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်သလို ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဒေါက်တာဇော်ဝေစိုးဟာ အခု နှစ်ဆန်းမှာ ပြည်တွင်းကို ပြည်လည်ဝင်ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးထားသူဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကြေညာထားပြီး နောက်အခုလိုပြုပြင်ပြောင်းလဲမှုလုပ်တာဖြစ်ပါတယ်။အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုမှာ အစိုးရအဖွဲ့တွင်းပြောင်းလဲတာဝန်ပေးတာတွေအပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်အခြား တော်လှန်ရေးအင်အားစုတွေက လူပုဂ္ဂိုလ်တွေကိုပါတာဝန်ပေးအပ်မှုရှိ၊မရှိ ဆိုတာကို NUG ကိုဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။
NUG အစိုးရအပြောင်းအလဲဟာထင်သာမြင်သာပြောင်းလဲမှု မဟုတ်လို့ဆိုပြီး CRPH ထုတ်ပြန်ချက်အောက်မှာ ဝေဖန်နေကြတာကိုလည်းတွေ့ရပါတယ် ။
အခုလိုပြည်ထောင်စုဝန်ကြီးနဲ့ဒုဝန်ကြီးအချို့ ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ပြီးနောက် အစိုးရ အဖွဲ့အား ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာချက်ကိုလည်း CRPHက ထုတ်ပြန်ပါတယ်။ယခင် ရှိပြီး ဝန်ကြီးဌာနအချို့ဖျက်သိမ်းတာ၊ ပေါင်းစည်းတာတွေ ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်ဒုတိယသမ္မတ(ယာယီသမ္မတ)ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေကတော့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်၊ လူမှုကူညီရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ပညာရေးဝန်ကြီး ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ရွှေပုံ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ တရားရေးဝန်ကြီး ဦးသိန်းဦး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း တို့ဖြစ်ပါတယ်။
ဒါကြောင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးသတင်းအချက်အ
လက်နှင့် နည်းပညာဝန်ကြီးဌာနတွေကိုလျှော့ချလိုက်တာဖြစ်ပါတယ်။ဒါပေမယ့်ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန ထပ်တိုးလာတာဖြစ်ကာတယ်။ဒါကြောင့် အရင်ကဝန်ကြီးဌာန ၁၇ ခုရှိတာကနေ ၄ ခုလျော့သွားပြီး၁၃ ခုရှိလာပါတယ်။
ဒုဝန်ကြီးတွေကတော့ နိုင်ငံခြားရေးဒုဝန်ကြီးတွေအဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနဲ့ ဒေးဗစ်ဂွမ်အောင် ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးခူထဲဘူး နဲ့ ဦးကျော်နီ၊ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဒုဝန်ကြီး မိုင်းဝင်းထူး၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး မင်းဇေယျာဦး၊ လူမှုကူညီရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ခင်မောင်လွင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်စောဖူး ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင် တို့ ဖြစ်ပါတယ်။
NUG ဝန်ကြီး၊ ဒုဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်မှုဟာ အစိုးရ အဖွဲ့အတွင်း ပြုဲပြင်ပြောင်းလဲရေးဖြစ်ပြီး နောက်ထပ်အဆင့်တွေ ထပ်လာဖို့ရှိမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဌာနတွင်း အစိုးရ အဖွဲ့တွင်း ဝန်ကြီးဌာန အချို့ကို ပူးပေါင်းတာ၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်းတာ၊ ပြီးရင်တချို့ဌာနတွေဆိုရင်လည်းဌာနကြီးတွေအဖြစ်ပြောင်းလဲ လုပ်ကိုင်တာပေါ့နော်။ဒီလိုကိစ္စမျိုးကပထမအဆင့်လို့ပြောလို့ရပါတယ်။နောက်ထပ်အဆင့်တွေလည်း ဆက်ပြီးတော့လာဖို့ရှိမယ့်သဘောဖြစ်ပါတယ်။နောက်ပြီး ဒီပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါ အစိုးရ အဖွဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတင် မကဘူး ဒီမူဝါဒပိုင်းဆိုင်ရာ တွေ နောက်ပြီး လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ တွေ ဒါတွေအပေါ်မှာလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတာရှိပါတယ်ဗျ” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

















































