ဒီဇင်ဘာ-၉၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြောင်း ပြသတဲ့အနေနဲ့ ရန်ကုန် မြို့ရဲ့ လူစည်ကားရာ လှည်းတန်းလမ်းမပေါ်မှာ Bluetooth Box နဲ့ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်း ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ၊ “ Our Voice, Our Fight, Our Rights” လို့ အမည်ပေးထားတဲ့လှုပ်ရှားမှုကို ဒီဇင်ဘာ ၇ရက် ညနေက လှည်းတန်းဈေးဝန်းကျင်မှာ Bluetooth Box နဲ့ စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အသံဖိုင်တွေဖွင့်ပြီး ပြုလုပ်ခဲ့တာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ “ ခြိမ်းခြောက်ပြီးတော့ မဲထည့်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ကြောက်ပြီးတော့ မဲထည့်မယ်ဆိုရင် နောက်တစ်သက် ဆက်ပြီး ကြောက်နေရမှာပဲဆိုတာ ကျမသတိပေးပါရစေ” အသံဖိုင်အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆော်ဩထားတာပါ။

Public Service Announcement
အဲဒီ့ Bluetooth Boxမှာ စီစီတီဗီ တပ်ဆင်ထားတာဖြစ်လို့ အဲဒီ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရောက်လာတဲ့ မှတ်တမ်းကိုလည်းတွေ့ရပါတယ်။
ဒါ့အပြင် စီစီတီဗီကတစ်ဆင့် သပိတ်ရဲဘော်တွေက ဆဲဆိုပြောဆိုထားတဲ့အသံဖိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ဆဲဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒီလှုပ်ရှားမှုကို ပြုလုပ်တာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းဆန္ဒထုတ်ဖော်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း မဲမပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာလည်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။
“ မနက်ဖြန် ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပါဝင်ပေးဖို့ပါဘဲဗျ။ မနက် ၁၀ နာရီကနေ နေ့လည် ၃နာရီဖြစ်တဲ့ အတွက် ပြည်သူတွေ အနေနဲ့ လုံခြုံစွာပါဝင်လို့ရတယ်ဆိုတာလည်း ယုံကြည်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စစ်ကောင်စီက Bluetooth Box ကို ဗုံးထင်ပြီး လမ်းပိတ်ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အပြင် အဲဒီ့လမ်းမပေါ်ကဈေးဆိုင်တွေကို လကုန်အထိ ပိတ်ခိုင်းထားပြီး Bluetooth Box တွေ့တဲ့နေရာနဲ့ အနီးဆုံးဆိုင်က လူငယ်တွေကိုလည်း ဖမ်းဆီးမှုတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ကျနော်တို့ တော်လှန်လူငယ်တွေ အနေနဲ့ လှည်းတန်းဈေးအနီးက ပြည်သူဈေးသည်တွေကို ဒုက္ခပေးလိုစိတ်လုံးဝ မရှိပါဘူး ဗျ… စစ်အာဏာရှင်နဲ့ လူတစုကတော့ ကျနော်တို့ကို ပြည်သူတွေ မုန်းအောင်၊ ပြည်သူတွေ လွတ်လပ်စွာသွားလာလို့မရအောင် အမျိုးမျိုးပြုလုပ်ကြမှာပါဘဲ ဗျ အဲ့တာကြောင့် ဒီ စစ်အာဏာရှင်နဲ့ လူတစု အမြစ်ပြတ်ဖို့ လိုအပ်ပါတယ်ဗျာ” လို့ အထက်ပါတာဝန်ခံကပြောပါတယ်။
လှည်းတန်းမှာ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လှုပ်ရှားမှုလုပ် ဒီဇင်ဘာ-၉၊၂၀၂၅။သတိုး/People's…
Posted by People's Spring on Tuesday 9 December 2025
ရုပ်သံ – ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့
















































