ဒီဇင်ဘာ၁၀၊၂၀၂၅။ရှိန်း/ People’s Spring
အသံတိတ်သပိတ် ကြေညာထားတဲ့ ဒီနေ့မှာ စစ်တပ်က မန္တလေးမြို့ကိုအင်အားအများအပြားသုံးပြီး နေရာအစုံကင်းချထားပါတယ်။
ဈေးအားလုံးရဲ့ လမ်းထိပ် တွေမှာ စစ်သား ဒါမှမဟုတ် ရဲတွေကို တွေ့မြင်ရပါတယ်။လမ်းမကြီး တွေမှာလည်း ညနေ၄နာရီ ဝန်းကျင်အထိ ဘောင်းဘီအပြာဝတ် ထားပြီး အပေါ် အင်္ကျီကအရပ် ဝတ်သာ ဝတ်ထားတဲ့ လူတွေကို လမ်းတပြ(တမှတ်တိုင်)စီမှာ တွေ့ရပါတယ်။
ဒီလို စစ်ကတပ်က လုံခြုံရေးအင်အားများစွာ စောင့်ကြပ်ထားတဲ့ကြားကပဲ ပြည်သူ အများစုရတဲ့ နေရာကပါဝင်ထားကြတာကို တွေ့မြင်ကြရမှာပါ။

Public Service Announcement
မန္တလေးမြို့က စစ်တပ်နဲ့ နီးတဲ့ ဈေးတခုက ဈေးသည်တွေကတောင် ဈေးလာဝယ်သူ တွေကို အသံတိတ်သပိတ်ရှိတယ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုခဲ့တယ်လို့ ဈေးသည်ကပဲ ပြန်ပြောပြပါတယ်။
နောက် ဈေးသည်တဦးက တော့ “ အပြင်မထွက်နဲ့ဆိုလို့ ကျွန်မမှာ မနက်ကဆိုင် တောင်မဖွင့်ဘူး။ပြီးတော့ မှ ဟိုက(စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတွေက) လည်းဆိုင်မဖွင့်ဘူးလား မေးတယ်လို့ ဘေးဆိုင် တွေကပြော၊ဆန္ဒပြကလည်း ၁၀နာရီမှ ဆိုတော့ ၉နာရီ ကျော်မှကပြာကယာဖွင့်ရတယ်” လို့ ဈေးသည် တဦးက ရယ်မောရင်း ပြောပြပါတယ်။
မန္တလေးမြို့က ထမင်းဆိုင်တဆိုင်ကလည်း အသံတိတိသပိတ်မှာပါနိုင်ဖို့ ဒီမနက် ထမင်း၊ဟင်း စောစောချက်ပြီး ချက်တဲ့ပမဏကို အရင်နေ့တွေကထက် လျှော့ချက်ထားတယ်လို့ဆိုပါတယ်။
“ သူတို့တောင်(ဆန္ဒပြသူတွေ ) အသက်နဲ့ ရင်းပြီး မြို့ထဲလာဆန္ဒပြကြသေးတာပဲ။ကိုယ်ကလည်း တက်နိုင်တဲ့ဘက်ကလုပ် ပေးရမှာ ပေါ့။ကိုယ်ဆိုင်ပိတ်လိုက်လို့လည်း မရဘူး လေ။ဟိုကလည်း (စကစ)သိတဲ့အတိုင်းပဲ” လို့ ထမင်းဆိုင်ပိုင်ရှင်ကပြောပါတယ်။
သူပြောတဲ့သူတို့ဆိုတာ သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ တေဇာစန်း ၊ ကိုနန်းလင်း ၊
ကိုခန့်ဝေဖြိုးတို့နဲ့သပိတ်အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၃ ရက်မနက်မှာ မန္တလေူမြို့လယ် ၊ဈေးချို အနီးဈေးမှာ ဆန္ဒပြခဲ့တာကိုပြောတာပါ။ စစ်တပ်က အဲဒီဆန္ဒပြပွဲပြီးကတည်းက မြို့ထဲလုံခြုံရေးတိုးမြှင့်ထားသလို ၊ဆန္ဒပြသွားတဲ့နားကဈေးကိုလည်း အညှိုးတကြီးဖျက်ဆီးခဲ့ပါတယ် ။
ဒီနေ့ နေ့လည်ပိုင်းမှာ ယခင်က လူစည်ကားတဲ့ ဆိုင်တချို့လည်း လူအဝင်နည်းတယ်လို့ သိရပါတယ်။
“ မလျော့ရင်တောင် တဝက်လောက် လျော့တယ်။နေ့တိုင်းဆိုင်လာထိုင်နေကြထဲက နှစ်ဝိုင်းလောက်က တယောက်မှမလာကြဘူး” လို့ ကော်ဖီဆိုင်ပိုင်ရှင်တဦး က ပြောပါတယ်။
စစ်တပ်ကလည်း မြို့တွင်း မှာ လူစည်ကား အောင်ပုံစံမျိုးစုံနဲ့လုပ်ခဲ့ပါတယ်။နေ့ခင်းကြီးမှာ ချောတိုင်တက်ပွဲတွေလုပ်တာ၊ စစ်တပ်ဝန်ထမ်းတွေက ဈေးတွေလိုက်ရောင်းလိုက် ၊ဈေးဝယ်ထွက်တဲ့ပုံစံလုပ်လိုက်နဲ့ လမ်းပေါ်လူများအောင်လုပ်ကြပါတယ်။
“ သိသိသာသာ တော့လျော့သွားတယ်။အများကြီးတော့ လျော့မသွားဘူး။လမ်းမကြီးတချို့မှာတော့ လူရှိတယ်။ဒါပေမယ့် မြို့ရဲ့နေရာတိုင်းမှာဒီကောင် (စစ်သား၊ရဲနဲ့ ပျူစောထီး)တွေရှိတယ်” လို့ အသက်၃၅ နှစ် ဝန်းကျင်အမျိုးသားတဦး ကပြောပါတယ်။
စစ်အုပ်စု အသံတိတ်သပိတ်မအောင်မြင်အောင်လို့ နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ပါသေးတယ်။
မန္တလေးမြို့မှာဆိုရင် အသံတိတ်သပိတ်မတိုင်မီနေ့က စျေးတချို့ကစျေးသည်တွေကို ဓါတ်ပုံကြိုရိုက်ပြီး ဒီကနေ့အသံတိတ်သပိတ်မှာ ပုံထဲကအတိုင်းဖွင့်ထားကြဖို့ လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အသံတိတ်သပိတ်နေ့ရောက်တော့လည်း မန္တလေးမြို့တွင်းထဲရှိ စျေးများမှာ စစ်သားနဲ့ရဲတွေက လုံခြုံရေးပေးပြီးခေါ်လာတဲ့ အရပ်ဝတ်တွေကို စျေးအတွင်းလှည့်ပတ်ကြည့်ရှူခိုင်းပြီး ရုပ်သံတွေ၊ ဓာတ်ပုံတွေ ရိုက်သွားခဲ့ကြောင်း Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် ဒီနေ့မှာလူစည်ကားတယ်ဆိုတာပြချင်လို့စစ်အုပ်စုကကြက်ဥနဲ့အသားငါးတွေ လှည့်ရောင်းတာ၊ စည်ပင်ကနေ သန့်ရှင်းရေးလုပ်တာ၊ ကျောင်းသားကျောင်းသူကလေးငယ်တွေကို လမ်းပေါ်ထွက် အမှိုက်ကောက်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့လယ် မဟာအောင်မြေမြို့နယ်က ၇၆လမ်း၇၇လမ်းကြား၊ ၃၆လမ်းပေါ်မှာတော့ စစ်အုပ်စုက ဘာအထိမ်းအမှတ်မှမရှိဘဲ ချောတိုင်တက်ပွဲကို ဘလူးတုဘောက်စ်ဖွင့်ကာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချောတိုင်တက်ပွဲကိုလည်း လမ်းနှစ်ဘက်ထိပ်မှာ အစောင့်တွေချပြီး ပြုလုပ်ခဲ့ရတယ်လို့ Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။
နေ့တိုင်း အဖမ်းအဆီးများပြားလှတဲ့ မန္တလေး မြို့မှာ ယာဉ်ထိန်းရဲ တွေကို မတွေ့ရဘဲ နေရာတချို့မှာသာ စစ်တပ်က ပိတ်ဆို့စစ်ဆေးမှု တချို့ ရှိခဲ့ပါတယ်။
ညနေ ၃နာရီကျော်မှာတော့ အရပ်ဝတ်နဲ့လူနှစ်ယောက်စီးဆိုင်ကယ် တွေ ၇၈လမ်း၊၂၈-၂၉လမ်းကြားကမြို့တွင်းစစ်ကြောရေးနဲ့ ဧည့်ရိပ်သာ ထဲကို အများအပြားဝင်သွား တယ်လို့ မျက်မြင်တွေ့လိုက်သူတဦး ကပြောပါတယ်။
ဒါ့အပြင် ယူနီဖောင်းဝတ်နဲ့ရဲ ဆိုင်ကယ်၃စီး လူ၆ယောက်ပါအဖွဲ့နဲ့ ၊ရဲကား၊စစ်ကားတချို့ကိုလည်းမြို့တွင်းကင်းပတ်နေတာ တွေ့ရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
မြို့အထွက်တွေ မှာတော့မှတ်ပုံတင်တွေနဲ့ တိုက်ဆိုင်စစ် ဆေးမှု တွေရှိပြီး မြိုအထွက် တွေမှာ ပိုပြီး စစ်ဆေးနေတာလို့ မြို့ခံတွေကပြောပါတယ်။ ။


















































