Connect with us

Hi, what are you looking for?

သတင်း

ချင်းတော်လှန်ရေးအင်အားစုတွေ ညီညွတ်ရေးဆက်ညှိနှိုင်းဖို့ ဆန္ဒအပြည့်ရှိဟု ချင်းပြည်ကောင်စီ ထုတ်ပြန်

ချင်းပြည်(Chinland) တည်ဆောက်ရေးနဲ့ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝရှိကြောင်း ချင်းပြည်ကောင်စီ(CC)က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ချင်းပြည်(Chinland) တည်ဆောက်ရေးနဲ့ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝရှိကြောင်း ချင်းပြည်ကောင်စီ(CC)က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၄ရက်ကနေ ၆ရက်အထိ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ချင်းပြည်(Chinland) ကောင်စီညီလာခံ အပြီး ကြေညာချက်ကို ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်ရာ ချင်းတော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးဆက်လုပ်ဖို့ ဆန္ဒရှိတာကို ဖော်ပြခဲ့တာပါ။

ချင်းတော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးအတွက် ကြိုပမ်းပေးလျက်ရှိသော ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအသီးသီးအပေါ် ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့ဟာ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် လတ်တလော ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ထိုးစစ်ကို အတူပူးပေါင်းခုခံတိုက်ခိုက်လျက်ရှိပါတယ်။ အထူးသဖြင့် ချင်းမြောက်ပိုင်း တီးတိန်နဲ့ ဖလမ်း နယ်မြေဒေသတွေပြန်ရဖို့ စစ်ကောင်စီက ဒီနှစ်လယ်က စပြီး ထိုးစစ်ဆင်လာတာကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီအဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အတူတကွ ပူးပေါင်းခုခံတိုက်ခိုက်နေတာပါ။

စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ နဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်း ပေးလှူခဲ့တဲ့ သူရဲကောင်းတွေကို ဦးညွှတ်ကြောင်း ဖော်ပြပါတယ်။

ချင်းပြည် (Chinland) ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေးအခိုင်အမာ ရပ်တည်ပံ့ပိုးပေးသော ချင်းပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကာ တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်ပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။

ချင်းပြည်ကောင်စီရဲ့ ကြေညာချက်မှာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်ဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးပါတယ်။

“အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်အနေဖြင့် တရားဝင် ရပ်တည်ရေးအတွက်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကိုသာ ပိုမိုကြန့်ကြာစေမည်ဖြစ်သည်။ ထို့ကြောင့် ချင်းပြည် (Chinland) ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည် (Chinland) ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့် အညီ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်သည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအစိုးရက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး မြန်မာပြည်သူများအတွက် Temporary Protected Status (TPS) ပြန်လည်ရုပ်သိမ်းတဲ့အပေါ် အထူးစိုးရိမ်မကင်း ဖြစ်ရကြောင်း ဖော်ပြကာ အဲဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစား သုံးသပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဘေးဒုက္ခရောက်နေကြသော ချင်းပြည်သူလူထုများအား အန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်းလည်း ဖော်ပြပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုကို ထောက်ခံကြိုဆိုပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်း ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တို့မှ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးဆောင်ရွက်မှုအပေါ် ချင်းပြည်ကောင်စီက ကြိုဆိုကြောင်း ဖော်ပြပြီး လိုအပ်သလို ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

(ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)တို့ ၂၀၂၅ ဖေဖော်ဝါရီ ၂၆ရက်က ဆွေးနွေးမှုပြုလုပ်အပြီးအတူ တွေ့ရစဉ်။ ဓာတ်ပုံ – CIC) 

ဆက်စပ်သတင်းများ