ဆွစ်ဇာလန်ကလည်း စစ်တပ်ရွေးကောက်ပွဲ နိုင်ငံပြင်ပအထိ မတည်ငြိမ်မှုဖြစ်ပေါ်စေလိမ့်မယ်လို့ သတိပေး
ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်လုပ်ဆောင်နေမှုတွေဟာ လူထုယုံကြည်မှု မတည်ဆောက်နိုင်သလို မြန်မာနိုင်ငံက ပါဝင်ကတိပြုထားတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဥရောပသမဂ္ဂ(EU)အဆင့်မြင့်ကိုယ်စားလှယ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၀ရက် ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ စစ်ကောင်စီရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ EU ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က သဘောထားထုတ်ပြန်ခဲ့တာပါ။

Public Service Announcement
EU ဟာ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဥ်တွေကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိ အခြေအနေအရ လွတ်လပ်၊တရားမျှတတဲ့ ရွေးကောက်ပွဲတွေအတွက် မရှိမဖြစ် လိုအပ်တဲ့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ယုံကြည်ရလောက်သော ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်သော လုပ်ငန်းစဥ်တွေ တည်ရှိမနေဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲတွေဟာ စစ်ကောင်စီအတွက် တရားဝင်ဖြစ်တည်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေနဲ့သာ ပြုလုပ်တာ ထင်ရှားနေတယ်လို့ EU အဆင့်မြင့်ကိုယ်စားလှယ်က ထုတ်ပြန်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ လာမယ့် ရွေးကောက်ပွဲတွေနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေအပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်မိတယ်လို့ ဖော်ပြပါတယ်။
လက်ရှိအခြေအနေတွေဟာ လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ်အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆွစ်ဇာလန်က ကြေညာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်ကောင်စီ စီစဥ်နေတဲ့ လာမယ့်ရွေးကောက်ပွဲတွေဟာ မလွတ်လပ်၊မမျှတ ဒါမှမဟုတ် အားလုံးပါဝင်ခွင့်မရမှာကို အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အဲဒါတွေက ပြည်တွင်း၊ အခြားအာဆီယံနိုင်ငံတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသပြင်ပအထိ မတည်ငြိမ်မှု ပိုမိုဖြစ်ပေါ်စေလိမ့်မယ်လို့ သတိပေးပါတယ်။
လက်ရှိအခြေအနေတွေအရ ရွေးကောက်ပွဲကော်မရှင်ဟာ စစ်တပ်ထိန်းချုပ်မှုအောက်ရှိတာ၊ နိုင်ငံရေးပါတီတွေကို ပိတ်ပင်ထားတာ၊ သဘောကွဲလွဲမှုကို ရာဇဝတ်မှုသတ်မှတ်တာ၊ နိုင်ငံရေးအကျဥ်းသား သုံးသောင်းကျော်ကို ချုပ်နှောင်ထားတာ၊ ကျယ်ပြန့်စွာအကြမ်းဖက်တာနဲ့ ပူးပေါင်းပါဝင်မှုကို တားဆီးတဲ့ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းစေမှုတွေ တွေ့ရတယ်လို့ ကနေဒါသံရုံးက ဆိုပါတယ်။ ဘယ်ရွေးကောက်ပွဲလုပ်ငန်းစဥ်ကမှ နိုင်ငံတကာစံသတ်မှတ်ချက်တွေက လက်ခံထားတဲ့ အများကိုးစားယုံကြည်မှု၊ ဒီမိုကရေစီမူဘောင်တွေနဲ့ ကိုက်ညီမှု မရှိနေဘူးလို့ ဆက်လက်ဖော်ပြပါတယ်။
ဥရောပသမဂ္ဂ(EU)ဟာ သက်ဆိုင်သူအားလုံးအနေနဲ့ ချက်ချင်းလက်ငင်းအပစ်အခတ်ရပ်စဲရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ အားလုံးပါဝင်မှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ရရှိရေးတို့ကို ဦးစားပေးလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဦးတည်တဲ့ စစ်မှန်သောကြိုးပမ်းအားထုတ်မှုများကို EU က ထောက်ခံပံ့ပိုးဖို့ အသင့်ရှိနေကြောင်း ဖော်ပြပါတယ်။


















































