ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ ကဖေး/People’s Spring
တပ်မ(၉၉)၊ စကခ(၁၇)တို့နဲ့ ခုခံနေတဲ့ နတ်ရေကန်တိုင်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က နောက်ထပ်ဗျူဟာပြောင်းဖို့ ပြင်ဆင်နေပြီး စစ်တပ်ရင်းတွေကို ထပ်မံပို့ဆောင်နေပါတယ်။
မနေ့က ဒီဇင်ဘာလ ၉ရက်နေ့က ပဒါန်းမြို့နယ်ထဲက အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကိုအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို စစ်ကား ၂၇ စီးနဲ့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
” သူတို့ ဗျူဟာရော၊ စစ်ရေးတာဝန်ခံပါ ပြောင်းမယ်ထင်တယ်။ မနေ့က စစ်ယာဉ်တန်းနဲ့ ဝင်လာတယ်။ ဒီနေ့ အခြေအနေ တစ်ခုခု ထူးနိုင်တယ်” လို့ People’s Spring ရဲ့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။
အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ်တွေက တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး အထိနာနေတဲ့ စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။ ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAကဖမ်းမိခဲ့ပါတယ်။
ဩဂုတ်လနှောင်းပိုင်းမှာတော့ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇ ကို ပို့ပြီး ခုခံခဲ့ပြန်ပါတယ်။ စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲတွေမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာလကနေ လက်ရှိအချိန်အထိ စစ်ရေးအခြေအနေကတော့ နတ်ရေကန်ဗျူဟာနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို အလုံးစုံဖြတ်တောက်ထားနိုင်ပြီလို့ မြေပြင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။
” လမ်းဟောင်းဘက်က ပဇီရွာဘက်ကနေပဲ သူတို့ စုဖွဲ့နေတယ်။လမ်းသစ်ဘက်ကို ကျနော်တို့ထိန်းချုပ်ထားတယ်” လို့ ၎င်းက ဆိုပါတယ်။
စစ်ကောင်စီက အမ်း-ပဒါန်းလမ်းဟောင်းဖြစ်တဲ့ ငဖဲမြို့နယ်၊ ပဇီရွာကို တပ်စွဲထားပြီး အဲဒီကိုအင်အားတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။
နတ်ရေကန်ဗျူဟာက တောင်ထိပ်ဒေသ စိုထိုင်းစမြင့်မားတဲ့အတွက် ရေဒါကို ပျက်စီးမှုကနေ ကာကွယ်နိုင်ဖို့ ကမ္ဘာလုံးပုံစံ မြူကာစနစ်(Fiberglass Radome) ရှိနေပြီး ရေဒါကို စစ်ကောင်စီက ဖြုတ်သိမ်းထားပါတယ်။ အဆောက်အအုံကိုတော့ ဘန်ကာအနေနဲ့ သုံးနေတယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာနားက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်လိုခိုက်လိုစိတ်မရှိဘဲ ဆုတ်ခွာထွက်ပြေးနေတာတွေ၊ လိုအပ်တဲ့အထောက်အပံ့တွေကို အထက်အရာရှိတွေက မဖြည့်ဆည်းပေးတာတွေ၊ AAတပ်ဖွဲ့ဝင်တွေက ရဲရဲဝံ့ဝံ့တိုက်ခိုက်နေတာတွေကိုဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က AAထံ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
တပ်မ(၉၉)၊ စကခ(၁၇) အလွန်မှာနတ်ရေကန်ခုခံစစ်ကိုကာကွယ်ဖို့ စစ်ကောင်စီက ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတာကတော့မသိနိုင်သေးပါဘူး။ AAကတော့ နတ်ရေကန်ဗျူဟာကိုပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကစဉ့်ကလျား ထွက်ပြေးနေသလို လက်နက်ချသူတွေလည်းရှိနေတယ်လို့နိုဝင်ဘာလလယ်မှာ သတင်းထပ်မံထုတ်ပြန်ခဲ့ပါတယ်။
” လေကြောင်းကတော့နေ့တိုင်းလည်းလာတယ်နေ့တိုင်းလည်းကြဲတယ်”လို့ မြေပြင်စစ်ရေးသတင်းမြစ်က ဒီနေ့ဒီဇင်ဘာလ၁၀ရက်နေ့မှာပြောပါတယ်။
AAဟာ လက်ရှိမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေသလို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာက လေလာတောင် ပတ်ဝန်းကျင်၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။


















































