ဒီဇင်ဘာ-၁၀ ၊၂၀၂၅၊မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်တပ် လက်အောက်ခံ ငွေတွင်းကျေးရွာက ပျူစောထီး ရှစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း(၂၁) တပ်ခွဲ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့က(ဒီဇင်ဘာ ၉ ရက်) မနက်ပိုင်းက ငွေတွင်းကျေးရွာနဲ့ (၂)မိုင်ခန့်အကွာ ညောင်ဒူးလေးရွာကို ရိက္ခာယူဖို့ ထွက်လာတဲ့ ပျူစောထီး ၁၂ ဦး ထဲက ရှစ်ဦးကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဖမ်းမိတဲ့သူတွေထဲမှာ ငွေတွင်းရွာက ပျူစောထီး ခေါင်းဆောင်ကျော်ဆွေရဲ့ လက်ရုံးတပည့် ပါဝင်ပြီး စားနပ်ရိက္ခာတွေအားလုံးကို သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ထွက်ပြေးသွားတဲ့ ပျူစောထီးတွေက ပါလာတဲ့ လက်နက်တွေကို သယ်ဆောင်သွားလို့ လက်နက် မရရှိခဲ့ဘူးလို့ သိရပါတယ်။
မနေ့က ဖြစ်စဥ်ကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း(တိုက်နယ်9)MRTFနဲ့ မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ငွေတွင်းရွာက စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူရွာဖြစ်ခဲ့တာ။အင်အားကလည်း ၅၀ နဲ့ ၁၀၀ ကြား ရှိတယ်။ဒါပေမယ့် ရွာ ကို တော်လှန်ရေးတပ် တွေက ပိတ်ဆို့ထားတာ ကြောင့် ရိက္ခာပြတ်နေကြတာ”လို့ အရာတော်မြို့နယ် သတင်းရင်းမြစ်က ပြောပါတယ်။
အရာတော်မြို့နယ်က ငွေတွင်းရွာလို စပါးတွင်းနဲ့ သလဲဘာကျေးရွာတွေကလည်း စစ်တပ်ထိန်း ချုပ်ထားပြီး ပျူစောထီးအားကောင်းတဲ့ရွာတွေလို့လည်း သိရပါတယ်။


















































