ဒီဇင်ဘာ ၁၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့အတူ စစ်ရေးဖော်ဆောင်နေတဲ့ ထီးဆဲ့မယ့်ယွား စစ်ကြောင်းဟာ KNLA လက် အောက်ခံတပ်အဖြစ် ပူးပေါင်းလာကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
အရင်က KNLA တပ်ရင်း(၁၁)ရဲ့ လက်အောက်ခံ စစ်ကြောင်းတခုဖြစ်တဲ့ ထီးဆဲ့မယ့်ယွား စစ်ကြောင်းဟာ စစ်တပ်အာဏာသိမ်းစက KNLA တပ်မဟာ(၄)က စစ်ရေးဖော်ဆောင်မှု မလုပ်တာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲကာ သီးခြားရပ်တည်ရာမှ အခု ၂၀၂၅ နှစ်ကုန်ပိုင်းမှာ KNLA အတူ ပြန်လည်ရပ်တည်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ၂၀၂၁၊ ၂၂ အဲဒီ နှစ်နှစ်ဝန်းကျင်မှာ ကျနော်တို့ တပ်မဟာ(၄) လက်အောက်ခံ ရှိတဲ့ တပ်ရင်းတွေ စစ်ဆင်ရေးမဖော်ဆောင်တဲ့အပိုင်းရှိနေတော့ အောက်ခြေက ရဲဘော်တွေသော်လည်း ကောင်းခေါင်းဆောင်တွေသော်လည်းကောင်း နားလည်မှု ကွဲလွဲတာပေါ့”လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်ရေးဖော်ဆောင်တာဟာကြိုတင်ပြင်ဆင်ပြီးမှလုပ်ဆောင်ဖို့ ခေါင်းဆောင်တွေရဲ့စဉ်းစားချက်ကို အောက်ခြေက တပ်ရင်းတပ်ဖွဲ့တွေက နားလည်မှု ကွဲလွဲပြီး ထီးဆဲ့မယ့်ယွားစစ်ကြောင်းက ခွဲထွက်ပြီး KTLA တံဆိပ်တပ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ KNLA အနေနဲ့ အပြစ်တင်တာမရှိသလို ၂၀၂၃၊ ၂၄ တွေမှာ တပ်မဟာ(၄)ဘက် စစ်ရေးဖော်ဆောင်မှုတွေအပေါ် ထီးဆဲ့မယ့်ယွားစစ်ကြောင်းကလည်း စစ်မြေပြင်မှာ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
” ရှေ့တန်းမြေပြင်မှာတော့ စစ်ရေး ပူးတွဲပြီးတော့ ပြောရမယ်ဆိုရင်တော့ တပ်မဟာ(၄) လက်အောက်ခံ KNLAတပ်ရင်းရဲ့ လက်အောက်ခံ တပ်ခွဲတခုအနေနဲ့ မဟုတ်ပေမယ့် စစ်ကြောင်းတခုအနေနဲ့ စစ်ရေးဖော်ဆောင်တာပေါ့နော်။မောတောင်တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာကျတော့ သူတို့ရဲ့ ရပ်တည်ချက်ပေါ့”လို့ ကရင်သတင်းရင်းမြစ်က နိုဝင်ဘာ ဒုတိယပတ်မှာ စစ်ကောင်စီရဲ့ မောတောင်နယ်စပ်စခန်း သိမ်းပိုက်အပြီး ထီးဆဲ့မယ့်ယွား စစ်ကြောင်းက KNLAနဲ့ အတူ ပူးပေါင်းခဲ့မှုကို ပြောပြပါတယ်။
ထီးဆဲ့မယ့်ယွားစစ်ကြောင်းဟာ အင်အား ၄၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
” ပူးပေါင်းစစ်ကြောင်းဆိုတော့ အမျိုးမျိုးရှိတယ် တိုင်းရင်းသား ပေါင်းစုံတွေပါမယ်။ ထားဝယ်သားလည်းပါမယ် ဘိတ်သားတွေလည်းပါမယ် အခြားတိုင်းရင်းသား ဗမာလူမျိုးတွေလည်း ပါမယ်။ ကရင်တွေလည်းပါမယ်။ ကရင်တောင်မှ ကရင်ဖြူတွေ ပြီးတော့ အဲဒီလိုမျိုးပေါ့ လူမျိုးပေါင်းစုံ ဖွဲ့စည်းထားတဲ့ စစ်ကြောင်းတကြောင်းဖြစ်တယ်။စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာတော့ KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှု အောက်မှာပဲ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ ထီးဆဲ့မယ့်ယွားစစ်ကြောင်းဟာ KNLAနဲ့အတူ ပြန်လည်ပူးပေါင်းလာမှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့ KNU မြိတ်ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။ KNU မြိတ်ထားဝယ်ခရိုင်ရဲ့ မောတောင်မြို့သိမ်းစစ်ဆင်ရေး သတင်းထုတ်ပြန်ချက် စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အမည်ကို ဖော်ပြရာမှာ KNLA ထီးဆဲ့မယ့်ယွင်းတပ်ရင်း အမည်ကို ဖော်ပြထားပါတယ်။
” သူတို့က မူရင်းက KNLA ဖြစ်တယ်။ တချိန်က နားလည်မှု လွဲခဲ့လို့ ရှင်းရှင်းပြောရမယ်ဆိုရင် အဲဒီအချိန်မှာ တပ်မဟာ(၄) အမည်ကို စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ အထက်ခေါင်းဆောင်တွေက ခွင့်ပြုချက်မရဘူး။ ဘာဖြစ်လို့ ခွင့်ပြုချက်မရလဲဆို စစ်ရေးတခုဖော်ဆောင်တဲ့အခါ ပြင်ဆင်မှုတွေလိုအပ်တဲ့အတွက် အထက်ခေါင်းဆောင်တွေက စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ခွင့်ပြုချက်တွေမရခဲ့လို့ သူတို့က သူတို့နည်းနာနဲ့ KTLAရဲ့ အမည်တပ် စစ်ရေးဖော်ဆောင်တယ်။ ဒါပေမဲ့ ၂၀၂၃၊ ၂၄မှာကျတော့ KNLA ရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာပဲ တောက်လျှောက် စစ်ရေးဖော်ဆောင်မှုတွေလုပ်နေတော့ အဲဒီလိုမျိုး နားလည်မှုကွဲလွဲတာကို သူတို့ ပြန်လည်ပြီး သုံးသပ်ပြီးတော့ သူ့ဟာသူ အသိအမှတ်ပြန်ပြုလိုက်တာပေါ့။အဲဒီလိုမျိုး” လို့ ကရင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။
စစ်ရေးအရ ပြန်လည်အသိအမှတ်ပြုဖို့ တပ်ပိုင်းဆိုင်ရာရဲ့လုပ်ထုံးလုပ်နည်းအရ ဆက်လုပ်သွားရမယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
” သူတို့က အင်အားများတယ်ဆိုတော့ တပ်မဟာ(၄)ရဲ့ စစ်ဦးစီးအောက်မှာပဲ ပြန်လည်ပြီးဘယ်လိုဖွဲ့စည်းရမလဲဆိုတဲ့ဟာ စောင့်ကြည့်ရမှာပေါ့။ တပ်ရင်း တရင်းအနေနဲ့ ပြန်လည်ပြီးဖွဲ့မလား။ အခုလိုပဲ KNLA တပ်မဟာ(၄)ရဲ့လက်အောက်ခံ စစ်ကြောင်းတကြောင်းအနေနဲ့ ပြန်လည်ဖွဲ့စည်းမလားဆိုတာ သူတို့ ခံယူချက်သူတို့လိုလားချက်လိုအပ်တာပေါ့”လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာ-ထိုင်းနယ်စပ်မြို့ အချို့အပါအဝင် နယ်စပ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို လတ်တလော စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းအတွင်း ထိုးစစ်တွေကိုလည်းအတူပူးပေါင်း ခုခံတိုက်ခိုက် လျက်ရှိပါတယ်။


















































