ဒီဇင်ဘာ ၁၂၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စပါးရိတ်စက် လာလုတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ညနေ ၄နာရီခန့်က ရွှေဘိုမြို့နယ် မြိုက်ကျေးရွာနဲ့ ကင်းဗျားကျေးရွာတို့မှ ဒေသခံတောင်သူများ စပါးရိတ်သိမ်းနေချိန် နယ်မြေချင်းထိစပ်နေတဲ့ မြင်ချင်(ပျူစောထီး) ရွာ၊ ဇီးကုန်းလေး(ပျူစောထီး)ရွာတို့က စစ် ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက စပါးရိတ်စက် ၂စီး လာရောက်လုယက်ယူဆောင်ခဲ့ကြောင်း ရွှေဘိုပကဖက ပြောပါတယ်။
အဲဒီလို လုယက်နေချိန် ရွှေဘိုမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ (PDO)နဲ့ နယ်မြေခံပကဖတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၁နာရီကျော်ကြာခဲ့ပြီး စစ်အုပ်စုဘက်က ၄ဦးသေဆုံးတယ်လို့ ရွှေဘိုပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
“လက်နက်တော့ မရခဲ့ဘူး။ အလောင်းရောလက်နက်ရောပြန်ဆွဲသွားပါတယ်။ ပြည်သူပိုင်ပစ္စည်းကို လုတာပါ ရရင်အပိုင်သိမ်းတာပါ။ နှောင့်ယှက်ရုံမဟုတ်ပါဘူး ပြည်သူ့အကျိုးစီးပွားပျက်အောင်လုပ်တာပါ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုအဖွဲ့သိမ်းသွားတဲ့ ပြည်သူတွေရဲ့စပါးရိတ် စက်၂စီး အနက် ၁စီးနဲ့ ဘေးတွဲ ၁စီး၊ ဆိုင်ကယ်တွေကို ပြန်လည်ရရှိခဲ့ပြီး ပိုင်ရှင်တွေဆီ ပြန်အပ်ခဲ့တယ်လို့ ရွှေဘိုပကဖက ပြောပါတယ်။
စပါးရိတ်သိမ်းချိန်တိုင်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ပြည်သူတွေရဲ့ စပါးရိတ်စက်တွေ၊ ရိတ်သိမ်းပြီးစပါးတွေကို လာရောက်လုယက်လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။


















































