ဒီဇင်ဘာ-၁၂၊၂၀၂၅။ ဆန်အောင်/People’s Spring
အာဏာသိမ်းစစ်အုပ်စုကျူးလွန်တဲ့ မြေပြင် သက်သေမှတ်တမ်းတွေဟာ အရေးယူအပြစ်ပေးခံရနိုင်ဖို့အဓိကကျကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခံပြီး မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်ခံရမှု မြေပြင်သက်သေ မှတ်တမ်းတွေ ပေးပို့နိုင်ကြောင်း တောင်းဆိုခဲ့ပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၀ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ရဲ့ ညပိုင်းမှာ မြောက်ဦးပြည်သူ့ဆေးရုံကို ဖျက်အားပြင်းဗုံးအသုံးပြု လေကြောင်း တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ဦးကျော်သေဆုံးကာ ၇၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
” တကမ္ဘာလုံးက လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ထားပြီး လူသားတိုင်းရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ဂုဏ်သိက္ခာတွေကို ကာကွယ်ကြဖို့၊မြှင့်တင်ကြဖို့ လှုံ့ဆော်တိုက်တွန်းနေတဲ့ နေ့မှာပင် အကြမ်းဖက်စစ်အုပ်စုဟာ ဆေးကုသမှုခံယူနေတဲ့ ပြည်သူများရှိရာ ကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အခိုင်မာဆုံးသော စစ်ရာဇဝတ်မှုသက်သေပဲဖြစ်ပါတယ်”လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်လက်တွေရရှိနိုင်ဖို့၊တရားမျှတမှုအတွက် နိုင်ငံတကာကို ပေးပို့နိုင်ဖို့ အချက်အလက်ကောက်ယူမှုတွေကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အစွမ်းကုန်ကြိုးစားနေဟု အသိပေးပါတယ်။
” ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို မြေပြင်မှာ သိရှိရတဲ့ အချက်အလက်၊ သက်သေမှတ်တမ်းတွေကို ရနိုင်သမျှစုစည်းပြီး ဝန်ကြီးဌာနကိုပေးဖို့ နိုင်ဖို့တောင်းဆိုပါတယ်”လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စု မြေပြင်မှာကျူးလွန်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှု၊ဒဏ်ရာရရှိမှု၊ နေအိမ်အဆောက်အအုံနဲ့ ဘာသာရေးအဆောက်အအုံများပျက်စီးမှု၊ ထိခိုက်နစ်နာသူတို့နဲ့သက်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြမ်းဖက်စစ်အုပ်စု အသုံးပြုတဲ့ စစ်လက်နက်ဆိုင်ရာ သက်သေမှတ်တမ်းကျန်ရစ်မှုတွေကို ဓါတ်ပုံ၊ ဗီဒီယိုနဲ့သော်လည်းကောင်း အချက်အလက်အနေနဲ့သော်လည်းကောင်းပေးပို့နိုင်ကြောင်း အသိပေးပါတယ်။
မြေပြင်သက်သေအချက်အလက်တွေ ပေးပို့မယ်ဆိုရင် ဝန်ကြီးဌာနရဲ့ report@mohr.nugmyanmar.org email သို့ လည်းကောင်း၊လူမှုကွန်ရက်စာမျက်နှာမက်ဆင်ဂျာမှတဆင့်သော်လည်းကောင်း၊ telegram account- @reportMOHR သို့လည်းကောင်း ဘေးအန္တရာယ်ကင်းသောနည်းလမ်းဖြင့်လုံခြုံစွာပေးပို့နိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေအတွက် ဧကန်မုချမလွဲအပြစ်ပေးအရေးယူခံရမှာဖြစ်ကြောင်းနဲ့ ဝန်ကြီးဌာနအနေနဲ့ ဒါတွေကိုအဆက်မပြတ်အားထုတ်ကြိုးပမ်းနေကြောင်း အသိပေးထားပါတယ်။
အာရက္ခတပ်တော်(AA)ကလည်း မြောက်ဦးပြည်သူ့ဆေးရုံကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံအနှံ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီ ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြဖို့ AAက အကူအညီတောင်းခံထားပါတယ်။
(ဗုံးကြဲခံရမှုကြောင့် ဆိုးရွားစွာပျက်စီးသွားတဲ့ဆေးရုံနဲ့ သေဆုံးခဲ့တဲ့ပြည်သူတွေကိုတွေ့ရစဥ်။
ဓာတ်ပုံ-Wai Hun Aung)


















































