ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ရက္ခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် တရက်မှာဘဲ ကျောက်ဖြူမြိုနယ်၊ င/လုံးစု ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့လို့ ပြည်သူ ၈ဦးသေဆုံးပြီး ၁၀ဦး ခန့်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ကနဦးသတင်းထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်ည ၉နာရီကျော်မှာ စစ်တပ်က မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃၃ဦးထက်မနည်းသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ၂၄နာရီ မပြည့်မီ ဒီဇင်ဘာ ၁၁ရက် ည ၇နာရီခွဲ ဝန်းကျင်မှာ ကျောက်ဖြူမြို့နယ်က င/လုံးစု အထက်ရွာနဲ့ အောက်ရွာအတွင်းကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်တာဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ AAရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်(MNDAA)နဲ့ တအာင်း(TNLA)နယ်မြေတွေကိုလည်း အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ကိုးကန့်၊ တအာင်းတပ်တွေနဲ့ အပစ်ရပ်စဲရေး ဖြစ်ပေါ်အောင် စစ်ရေးဖိအားပေးခဲ့တာပါ။
အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ကိုးကန့်ထိန်းချုပ် ဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ပြီးနောက် တရုတ်ရဲ့ ကြားဝင်စီစဉ်မှုနဲ့ အပစ်ရပ်စဲခဲ့သလို နှစ်လည်ပိုင်းကစပြီး တအာင်းထိန်းချုပ်ဒေသက ပြည်သူတွေနေထိုင်ရာကို လေကြောင်း စစ်ဆင်ရေး ပြုလုပ်ကာ အောက်တိုဘာလုန်ပိုင်းမှာ တအာင်းတပ်နဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာပါ။
တအာင်း၊ကိုးကန့်နဲ့ အပစ်ရပ်နိုင်ခဲ့တဲ့ စစ်ကောင်စီဟာ အောက်တိုဘာလကုန်ပိုင်းကစပြီး AA ထိန်းချုပ်မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၁ရက်မှာ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြကာ အရပ်သား ပြည်သူအများအပြားကို အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။
AA အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာကို ကန့်ကွက်ရှုတ်ချထားပြီး ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အသိပေးထားပါတယ်။

















































