ဒီဇင်ဘာ-၁၂၊၂၀၂၅၊အိမ်သွင်၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ဘောက်တာကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ရက် မနေ့က ည၉နာရီကျော်မှာ ကန်ဘောက်တာကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
” ကောလင်းအရှေ့ပိုင်းကို ကြဲတာ။ ထိတာက သားအမိတွေ။ မအေက ဆုံးသွားတယ်။ အိမ်တွေလလည်း အပျက်အစီးများတယ်”လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီရက်ပိုင်း ဒေသအနှံမှာ လေကြောင်းကနေဗုံးကြဲမှုကို သိသိသာသာပိုကျုးလွန်လာတဲ့ စစ်ကောင်စီတပ်က ကောလင်းမြို့ကိုလည်း ည ၁၀နာရီနဲ့ ၁၁ နာရီကြားမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲသွားတာဖြစ်ပါတယ်။
“၂ကြိမ်လာတိုက်တာဗျ။နေအိမ်တွေ ပေါ်ကျပြီး အိပ်နေတဲ့ အမျိုးသမီး တစ်ဦး သေတယ်။ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ပြည်သူ တွေပါဗျ”လို့ အနီးနားက ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရပ်သားပြည်သူတွေ အစုလိုက်၊ အပြုံလိုက်သေဆုံးမှုတွေရှိနေသလို ကောလင်းဖြစ်စဉ်လို မိခင်သေဆုံးပြီး ကလေးငယ် အမိမဲ့ဖြစ်ရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။
ကောလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေကြည်ဦး ဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းတွေလည်းပိတ်ထားတယ်လို့ သိရပါတယ်။
အခု ဒီဇင်ဘာထဲမှာ အစုလိုက်၊ အပြုံလိုက်သေဆုံးမှုတွေအနေနဲ့ ဒီဇင်ဘာ ၅ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို လေကြောင်းကနေဗုံးကြဲတဲ့ဖြစ်စဉ်မှာ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၁၉ဦး သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၆ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုဗုံးကြဲလို့ စစ်ဘေးရှောင်တွေ အပါအဝင် ပြည်သူ ၉ဦးသေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ရက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကပြည်သူ့ဆေးရုံကြီးကို လေကြောင်းကနေ တိုက်ခိုက်လို့ ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၁ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို လေကြောင်းကနေတိုက်ခိုက်တာမှာ စစ်ဘေးရှောင် ၁၀ဦး သေဆုံးခဲ့ပါတယ်။
မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှတ်ချထားသလိုအာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ဘောက်တာကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။





















































