ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ်-၂၀ အတွက် လမ်းပေါ်သွားလာသူတွေနဲ့ စျေးဆိုင်တွေမှာ အလုပ်လုပ်နေသူ လူငယ်အများအပြားကို ပေါ်တာဆွဲဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ပို့ဆောင်နေတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေဟာ နေရာဆုံထောင့်ဆုံကနေ ခရီးသွားလူငယ်တွေနဲ့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လျှပ်စစ်ပစ္စည်းနဲ့ ဖုန်းအရောင်းဆိုင်တွေက လူငယ်တွေကို ဆိုင်ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ငွေနဲ့ ရွေးနိုင်သူတွေကို ပြန်လွှတ်ပေးကာငွေမပေးနိုင်သူတွေကို အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“ပေါ်တာဆွဲခံရတာက အသက် ၄၀ အောက် ၂၀ ကျော်တယ်။ တက္ကသိုလ်တက်နေတဲ့ ကျောင်းသား ၂ ဦး၊ ခြေထောက်မသန်သူ ၁ ဦးနဲ့ငွေပေးနိုင်တဲ့သူ ၂ ဦးကိုတော့ လွှတ်ပေးတယ်လို့ကြားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ သူဟာ စစ်အုပ်စုက ဆိုင်ထဲအထိဝင်ရောက်ပေါ်တာဆွဲချိန် ထွက်ပြေးလွတ်မြောက်လာသူနဲ့ နီးစပ်သူလို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ရွှေဘိုဘူတာစျေးအနီး ထမင်းဆိုင်က ၄ ဦး၊ လျှပ်စစ်ဆိုင်က ၄ ဦး၊ အမှတ်(၁၀)ရပ်ကွက်က ၂ ဦး၊ အမှတ် (၃)ရပ်ကွက် ၁ ဦးနဲ့ တင့်တယ်ကျေးရွာ၊အောင်ချမ်းသာကျေးရွာ၊ ဆိပ်ခွန်ကျေးရွာနဲ့ အခြား မြို့နယ်ကျေးရွာတွေက ခရီးသွား၊ အလုပ်သွားအလုပ်ပြန်၊ စျေးဝယ်လာတဲ့ ပြည်သူ ၂၀ကျော်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရသည်။
ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိပြီး ဖမ်းဆီးမိသူတွေကို ဖမ်းဆီးတဲ့နေ့မှာ ရဲစခန်းမပို့ခင် နေ့ချင်းပြီး ငွေနဲ့ရွေးခိုင်းတယ်လို့ သိရပါတယ်။ ငွေနဲ့မရွေးနိုင်သူတွေကို ရွှေဘိုမြို့ မြို့မရဲစခန်းနဲ့ အမှတ်( ၈)လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေက ပေါ်တာဆွဲဖမ်းဆီခံရသူအများပြားမှာလည်း မိသားစုနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ဖြစ်စဉ်တွေ ရှိနေကြောင်း သိရပါတယ်။
(အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းသင်တန်းသားတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)


















































