ဒီဇင်ဘာ-၁၂၊၂၀၂၅။ဆန်အောင်၊အိမ်သွင်/People’s Spring
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တနေရာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၁၂ရက် နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
နေ့လည် ၁၂နာရီ ၄မိနစ်ကနေ ၁၂နာရီ ၂၁မိနစ်အတွင်း ဂျက်ဖိုက်တာနဲ့ သုံးကြိမ်၊ Y12နဲ့ တစ်ကြိမ် ဗုံးကြဲတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
” မကွေးလေတပ်ကနေ တက်လာတာ။ လေကြောင်းသတိပေးချက်တွေ ထုတ်ထားတယ်။ပစ်တာက မတူပီမြို့အပြင်ဘက်နားဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်တွေကိုစစ်ကောင်စီကမကြာခဏဗုံးကြဲနေပါတယ်။
ချင်းပြည်နယ်က ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ကန်ပက်လက်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။
မတူပီမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊မရှိကို မသိရသေးပါဘူး။ စစ်ကောင်စီက ဒီနေ့ နေ့လည်ပိုင်းမှာ ဧရာဝတီတိုင်းက လေးမျက်နှာမြို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မတူပီမြို့ဟာ ချင်းညီနောင်နဲ့ အာရက္ခတပ်တော်(AA)တို့ ၂၀၂၄ ဇွန်လက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီက မတူပီကို အခါအားလျော်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာပါ။
စစ်ကောင်စီဟာ AAတပ်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကိုလည်း ဒီဇင်ဘာ ၁၀ရက်က လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူ ၃၃ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် AAနဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာတရွာကိုလည်း မနေ့က ဒီဇင်ဘာ ၁၁ရက်ညမှာ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီက ချင်းညီနောင်နဲ့ AA ထိန်းချုပ်ရာမြို့တွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
အခု ဒီဇင်ဘာလနဲ့ နိုဝင်ဘာလအတွင်းက ချင်းညီနောင် ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်မြို့ကို စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်း ဗုံးကြဲခဲ့သလို လတ်တလော စစ်ကောင်စီထိုးစစ်ဆင်နေလို့ တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နယ်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန် နေ့စဉ်နီးပါး ပြုလုပ်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။
(မတူပီမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat)


















































