စစ်ရှောင် သောင်းနဲ့ချီ အရေးပေါ် အကူအညီတွေလိုအပ်နေ
ဒီဇင်ဘာ-၁၂၊၂၀၂၅။ဆန်အောင်/People’s Spring
ချင်းညီနောင်မဟာမိတ်တပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ ပြန်ရရေး ထိုးစစ် ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးတာတွေ လုပ်ဆောင်နေကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းမြောက်ပိုင်းက တီးတိန်နဲ့ ဖလမ်းမြို့ကို အောက်တိုဘာလကုန်ပိုင်းမှာ မြေပြင်၊ ဝေဟင်ကနေ စစ်အင်အားဖြည့် ထိုးစစ်ဆင်နေလို့ ဒေသခံ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

Public Service Announcement
” ဒီတခေါက်ထူးခြားတာ တခုက စစ်ကြောင်းတွေအကုန်လုံးက တရွာဝင်တရွာထွက် ပေါ့နော် အဲဒီလို စစ်ကြောင်းထိုးတဲ့ပုံစံမြင်ရပါတယ်။ ရွာတိုင်းကို သူတို့က စစ်ကြောင်းထိုးပြီးတော့ ပြည်သူတွေအကြောက်တရားဝင်အောင် ပြည်သူတွေ ရွာထဲမနေရဲအောင် အဲဒီလို ပုံစံမျိုးပေါ့နော် ရွာတွေကိုဖျက်ဆီးတယ် ရွာတွေမှာရှိတဲ့ ပစ္စည်းတွေယူတယ်။ အဲဒီလိုပုံစံမျိုး တွေ့ရတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
ဖလမ်းမြို့ကို ဦးတည်ပြီး သိုင်းငင်းဒေသဘက်က စစ်ကြောင်းတကြောင်း နဲ့ ဝေဘူလဘက်က စစ်ကြောင်းတကြောင်း ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအမြဲတမ်းရှိနေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်း ပစ်ကူပေးတာ၊ လေကြောင်းဗုံးကြဲတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။
” အခြေအနေကတော့ တော်တော်ပြင်းထန်တဲ့ အခြေအနေမှာရှိပါတယ်။လက်ရှိက ဖလမ်းမြို့နယ် ဒီမဏိပူရ အရှေ့ခြမ်းနဲ့ ဖလမ်းမြို့အနီးအနားရှိတဲ့ရွာတွေအကုန်လုံးက စစ်ရှောင်တဲ့ အခြေအနေရှိတယ်။ စစ်ရှောင်လူဦးရေက သုံးသောင်းကနေ လေးသောင်းကြား ပတ်ဝန်းကျင်လောက်ရှိပါတယ်။ သူတို့ လိုအပ်ချက်က ကျနော်တို့ ချင်းပြည်နယ်မှာ ကျတော့ ဆောင်းတွင်းရာသီတော်တော်လေးအေးပါတယ်။ အနွေးအထည်တွေလိုအပ်တယ်။ ဆေးဝါးပစစ္စည်းနဲ့ အစားအသောက် ပစ္စည်းတွေ အဲဒါ အဓိက လိုအပ်ပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ရှောင်အချို့ဟာ ကျေးရွာအနီး တောတောင်တွေထဲ တိမ်းရှောင်နေကြတာရှိသလို ဟားခါးမြို့နယ်ဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်၊ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် တိမ်းရှောင်နေသူတွေလည်း ရှိတယ်လို့ အသိပေးပါတယ်။
ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီပါဝင်တဲ့ မဟာမိတ်တပ်တွေဟာ ချင်းမြောက်ပိုင်းကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လျက်ရှိရာ တီးတိန်၊ ဖလမ်း၊ စစ်ကိုင်းကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။


















































