Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ကိုခေါ်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်တပ်ကို PDF တွေ တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ ပို့လိုက်တဲ့ ထွေအုပ်အပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ စစ်တပ်ရင်းတွေကို PDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။

ဒီဇင်ဘာ-၁၂၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ ပို့လိုက်တဲ့ ထွေအုပ်အပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ စစ်တပ်ရင်းတွေကို PDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။

တအာင်းတပ်မတော်(TNLA)နဲ့အပစ်ရပ်သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက ထွေအုပ် အပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ စစ်တပ် တပ်ရင်းတွေကို ဒီဇင်ဘာ ၁၁ရက် ညနေပိုင်းမှာ စစ်ယာဉ်တန်းနဲ့ ခေါ်သွင်းလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ယာဥ်တန်းတွေ မိုးကုတ်မြို့အရှေ့ပိုင်းက ဆေးရုံကြီး နဲ့ အထက (၁)အောင်နန်းကျောင်းမှာ တပ်စွဲထားစဉ် PDFနဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၁ ရက် မနေ့က ညနေ ၄နာရီခွဲခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

“မြင်ရတဲ့ မြင်ကွင်းအရတော့ ဒရုန်းဗုံးကြဲတာ။ စစ်တပ်က မြို့ထဲကို ထွေအုပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပို့နေတယ်။ အဲ့ဒါကိုလည်း ချတာ” လို့ ဒေသခံက ပြောပါတယ်။

မိုးကုတ်မြို့ အရှေ့ဘက်မှာလည်းဒီဇင်ဘာ ၁၂ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး၊လက်နက်ငယ်သံ တွေကြားနေရတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ခြမ်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့စခန်းကုန်းနှစ်ခုကို တော်လှန်ရေးတပ်က တွေသိမ်းယူထားနိုင်တယ်လို့ သိရပါတယ်။

TNLA နဲ့ အပစ်ရပ်သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ရက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာတာပါ။နိုဝင်ဘာ ၃၀ရက် ညနေမှာတော့ စစ်ကောင်စီတပ် နဲ့ PDFပူးပေါင်းတပ်တွေ တိုက်ပွဲစဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီးစစ်ကောင်စီတပ် စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီကစပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ MODက နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို PDF တပ်တွေ၊ ပကဖတွေနဲ့ စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာမှာ သီပေါနဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်တွေ ပြန်ဝင်လာစဉ် ဌာနဆိုင်ရာဝန်ထမ်းတွေ တပါတည်းပါလာပေမယ့် မိုးကုတ်မှာတော့ အခုထိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မစတင်နိုင်သေးတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲတိုက်ပွဲဝင်နေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေး ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ