ဒီဇင်ဘာ-၁၂ ၊၂၀၂၅ ၊ မိုမို/People’s Spring
မကွေးတိုင်း၊ မင်းတုန်းမြို့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့တပည့်ကို မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းမိတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
မင်းတုန်းမြို့နယ် ၊ ပုသိမ် – မုံရွာလမ်းပိုင်းတနေရာမှာ ပြည်သူ့စစ်ခေါင်းဆောင်ဖိုးပြားရဲ့တပည့် နေသွေးဆိုသူကို နိုဝင်ဘာ ၂၅ ရက်က မူးယစ်ဆေးဝါး (WY) အလုံးရေ (၁၀,၀၀၀)နဲ့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖိုးပြားက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးတွေ သယ်ယူရောင်းချတာနဲ့ မှောင်ခိုလုပ်ငန်းတွေ လုပ်နေတာလို့ ဆိုပါတယ်။

Public Service Announcement
“ရောင်းဖို့ပါသလို သူတို့သုံးဖို့လည်းပါတယ်။သယ်ယူပို့ဆောင်တာ လုပ်တာပေါ့။အရင်ကလည်း သယ်ယူတာတွေရှိတယ်။ဒါကိုလည်း ကျွန်တော်တို့ ဆက်လက်စစ်ဆေးနေတယ်”လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ နေသွေးကို ထိန်းသိမ်းထားပြီး သူနဲ့အတူ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး (WY) တွေကို ဒီဇင်ဘာ ၁၀ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
လက်တလော မင်းတုန်း၊သရက်နဲ့ ကံမမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။
ဒါ့အပြင် လတ်တလောမှာ သရက် – ကံမလမ်းပိုင်းကို အသုံးပြုသွားလာမယ့် ပြည်သူတွေ အနေနဲ့ သတိပြုဖို့လည်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက တိုက်တွန်းထားပါတယ်။


















































