ဒီဇင်ဘာ-၁၂၊၂၀၂၅။ကဖေး/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျေးရွာတွေက အရပ်သားတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့်ပိတ်ပင်ထားပြီး ဒီကနေ့ညနေတိုက်ပွဲမှာ အထိနာလို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
မိုးကုတ်မြို့နယ်က သစ်စိမ့်ကုန်းကျေးရွာကို ဗုံးကြဲတာဖြစ်ပြီး သစ်စိမ့်ကုန်းနဲ့ဂွေးပင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ တိုက်ပွဲက တော်တော်လေးကို ပြင်းထန်နေတာ။ ဗုံးကြဲသွားတဲ့ ရွာကို စစ်တပ်က ပိတ်ထားတာ။ လူသားဒိုင်းလုပ်ထားတာ။ တိုက်ပွဲဖြစ်နေတာကလည်း သုံးနေရာထက်မနည်းဘူး။ဘားနဒ်ရွာကို သွားတဲ့လမ်းမှာလည်း ချနေတယ်” လို့ ဒေသခံတစ်ဦးက ပြောတယ်။

Public Service Announcement
မိုးကုတ်မြို့အရှေ့ပိုင်းက ဆတ်အင်းပြန့်ကျေးရွာမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး PDF နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်နေတာလို့ သိရပါတယ်။
တိုက်ပွဲဟာ မြို့နဲ့ ပိုနီးလာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဆတ်အင်းပြန့်ကျေးရွာက ဘားနဒ်ရွာဘက်ကို သွားတဲ့လမ်းမှာရှိတာပါ။
” အကြမ်းဖက်စစ်တပ်က ရွာသူ၊ရွာသားတွေကိုလူသားဒိုင်းပြုလုပ်နေပါတယ်။ဂွေးပင်နဲ့သစ်ဆိမ့်ကုန်းကလူတွေကိုအိမ်ထဲကအိမ်ပြင်ပေးမထွက်ဘူး။ ဂွေးပင်မှာလဲဂူထဲသွားရှောင်နေတဲ့လူတွေကိုအကုန်အိမ်ပြန်လာခိုင်းပါတယ်။စျေးသည်လာတော့လည်း ညောင်ပင်နားရပ်ခိုင်းပြီးဝယ်ချင်တဲ့လူတွေကို သူတို့ဝယ်ပေးမယ်ဆိုပြီးအိမ်ထဲကပေးမထွက်ပါဘူး။စျေးသည်ကိုလဲနောက်ရက်လာမရောင်းရဘူးလို့ စစ်ေ-တွေကပြောပါတယ်” လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက် မှာ ရေးတင်ထားပါတယ်။
တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်သဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ရက်ညနေမှာ စစ်ကောင်စီတပ်တွေဝင်လာတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ၉ရက်မှာ ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီမှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။
မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့က PDF တပ်တွေ၊ ပကဖတွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် အောက် ကတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေက နေ့စဉ်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ စခန်းကုန်းအချို့ကို PDFပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ပါတယ်။

















































