ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်မနက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
“KIA တပ်ရင်း(၁၄)နယ်မြေမှာပါ။ ပယင်းမှော်ဘက်ပါ”လို့ ကချင်သတင်းရင်းမြစ်က လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးပျက်စီးအခြေအနေတွေ ရှိ၊မရှိ မသိရသေးဘူးလို့ ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ဒီဇင်ဘာ ၉ရက်ကလည်း KIA သိမ်းပိုက်ထားတဲ့ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုရက်ပိုင်းမှာ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်းဗုံးကြဲခဲ့သလို အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့သလို AAနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ရက်ညက မြောက်ဦးမြို့ဆေးရုံကို စစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာ ကလေးငယ်အပါအဝင် ပြည်သူ ၃၃ဦး သေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

















































